ဒူဘိုင်း ၊ အောက်တိုဘာ ၂၄
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် ပင်လယ်ကွေ့ရှိ ရေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးတွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်မယ့် အစီအစဉ် အသေးစိတ်ကို တီဟီရန်က ချပြထားကြောင်း အီရန် အကြီးတန်း လုံခြုံရေးအရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။
ဝါရှင်တန်နဲ့ သံတမန်ရေး ဖြေရှင်းဖို့ ထပ်မံ ကြိုးပမ်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့မယ်ဆိုရင် ဒေသတွင်း ရေအောက် ကေဘယ်ကြိုးတွေဟာ ပစ်မှတ်တွေ ဖြစ်လာနိုင်ကြောင်း အီရန် အရာရှိတွေက သတိပေးပြီးနောက်ပိုင်း အခုလို ပြောဆိုချက် ထွက်ပေါ်လာတာပါ။
အဲဒီလို တိုက်ခိုက်မှုတွေကို တီဟီရန်က ဘယ်လို ဘယ်နည်း ဘယ်အချိန်မှာ တိုက်ခိုက်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက် အနည်းငယ်သာ သိရပါသေးတယ်။
ဒါပေမဲ့ အဲဒီ အစီအစဉ်တွေထဲက တစ်ခုကတော့ အီရန် အနေနဲ့ အင်တာနက် ဆက်သွယ်မှု လိုင်းတွေ အပါအဝင် ဆက်သွယ်ရေး လိုင်းများ ကာလရှည် အနှောင့်အယှက် ဖြစ်စေဖို့ တိုက်ခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့မယ်ဆိုရင် ပြန်လည် ပြုပြင်မှုတွေကိုလည်း အီရန်က တားဆီး ကာကွယ်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အီရန် တိုက်ခိုက်ခံရရင် နောက်ထပ် အနီရောင်စည်းတွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ မြေအောက် ကေဘယ်ကြိုးတွေကနေ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းတွေအထိ တိုက်ခိုက်ဖျက်ဆီးပစ်မှာ ဖြစ်ကြောင်းး အရာရှိတွေထဲက တစ်ယောက်က ပြောပါတယ်။
ဝါရှင်တန်အနေနဲ့ မီးနဲ့ မကစားဖို့ သတိပေးထားပြီး အီရန်အနေနဲ့ မြေအောက် ကေဘယ်ကြိုးတွေဆီ ရာနှုန်းပြည့် လက်လှမ်းမီနိုင်တာကြောင့် အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်လို့ အီရန်ဘက်က ပြောထားပါတယ်။
ရေအောက် ကေဘယ်ကြိုးတွေဟာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လိုင်း စီးဆင်းမှုများရဲ့ ၉၉ ရာခိုင်နှုန်းလောင်ဖြတ်သန်းရာ လိုင်းတွေဖြစ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီ တစ်ခု ဖြစ်တဲ့ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂက ပြောပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာမယ့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုက ဟောမု့ဇ် ရေလက်ကြားကေဘယ်တွေ ဖြတ်တောက်လိုက်မယ်ဆိုရင်လည်း နိုင်ငံတကာ အင်တာနက်လိုင်း စီးဆင်းမှုရဲ့ ၁ ရာခိုင်နှုန်း လောက်ကိုပဲ ထိခိုက်စေမှာ ဖြစ်ကြောင်း အင်တာနက်လိုင်း ဆက်သွယ်ရေး သုတေသန လုပ်ငန်း TeleGeography က ပြောပါတယ်။
အဲဒီ ရေလက်ကြားဟာ အီရန်နဲ့ အိုမန်ကို ပိုင်းခြားထားတာ ဖြစ်ပြီး အိုမန် ပင်လယ်ကွေ့နဲ့ အာရေဘီယံ ပင်လယ်တို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်က အီရန်ကို စစ်ရေးအရ နောက်ထပ် တိုက်ခိုက်မယ်ဆိုရင် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အီရန် အရာရှိတွေက ပြောထား ပါတယ်။
အနောက်တိုင်း နိုင်ငံတွေအနေနဲ့ အင်တာနက်လိုင်းကို အများကြီး အားကိုးနေရတာ ဖြစ်တာကြောင့် ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ ခြေအနေမှာ ဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံး ရပ်တန့်သွားနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:Reuters

