မော်လမြိုင်၊ အောက်တိုဘာ ၂၄
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပသွားမယ်လို့ မွန်လွှတ်တော်က အောက်တိုဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေညာပါတယ်။
အရေးပေါ် အစည်းအဝေးကို လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
မွန်လွှတ်တော်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပမှုဟာ မွန်ပြည်နယ် နယ်လုံဝန်ကြီးအသစ်ကို အတည်ပြုခန့်အပ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အစိုးရက မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ဗိုလ်မှူးကြီး ရဲထွဋ်အား ပြောင်းလဲခန့်အပ်လိုက်တယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ မွန်နယ်လုံဝန်ကြီးအသစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို အတည်ပြုခန့်အပ်တာနဲ့ ကျမ်းကျိန်တာတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ရားထူးကနေ အနားပေးခံရတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ တရားမဝင် ကုန်သွယ်မှုတွေမှာ လာဘ်ပေးလာဘ်ယူမှုကြောင့် တိုင်ကြားခံထားရသူ ဖြစ်ပြီး သူကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အရံအင်အားထံ ပို့ဆောင်လိုက်တယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ တရားမဝင် ကုန်သွယ်မှုတွေမှာ လာဘ်ငွေ အများအပြား ရယူတာ၊ စစ်ဆေးရေးဂိတ်တွေကနေ လစဉ်ငွေကျပ် သိန်းထောင်နဲ့ချီ ရရှိခဲ့ပြီး တာဝန်ထမ်းဆောင်တဲ့ လေးနှစ်ကျော်အတွင်း ငွေကျပ်သိန်းပေါင်း သိန်းနဲ့ချီ ချမ်းသာသွားပါတယ်။
သတင်း – သံလွင်တိုင်းမ်

