လောင်းလုံး၊ စက်တင်ဘာ ၁၀
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက အင်အား ၁၂၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုး လာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန် တစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့် အိမ်ခြေပေါင်း ၁၇၀၀ ကျော်ရှိတဲ့ ဝေဒီကျေးရွာက သက်ကြီးရွယ်အိုတွေကလွဲပြီး ကျန်တဲ့ ဒေသခံ ၅၀၀၀ လောက်ဟာ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြပါတယ်။
လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းဟာ ဝေဒီကျေးရွာထဲ ဝင်ရောက်တပ်စွဲထားတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၈ ရက်နေ့ကစလို့ လောင်းလုံးမြို့ပေါ်ကနေတဆင့် ပြင်ထိန်းရွာကနေ ဝေဒီကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
စစ်တပ်စစ်ကြောင်း ထိုးထားတာကြောင့် ဝေဒီကျေးရွာ ဒေသခံတွေကတော့ သူတို့နေအိမ်တွေက တန်းဖိုရှိ ပစ္စည်းတွေကို အတင်းအဓမ္မ ယူဆောင်သွားမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ စက်တင်ဘာ ပထမအပတ်ကစလို့ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ တနင်္သာရီတိုင်းက လောင်းလုံး၊ သရက်ချောင်းနဲ့ပုလောမြို့နယ်တို့ကို တစ်ကျော့ပြန် စစ်ကြောင်းထိုးနေတာပါ။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၈၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

