တိုကျို စက်တင်ဘာ ၉

ဂျပန်နိုင်ငံ အလယ်ပိုင်းဒေသမှာ စက်တင်ဘာ ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် နာဂိုယာမြို့အပါအဝင် ဒေသ တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နာဂိုယာမြို့မှာ တစ်နာရီအတွင်း မိုးရေချိန် ၁၀၄ မီလီမီတာ အထိ ရွာသွန်းခဲ့ပြီး လမ်းမတွေနဲ့ ရထားလမ်းတွေ ရေလွှမ်းခဲ့သလို အရေးကြီးတဲ့ အခြေခံအဆောက်အအုံ တချို့မှာလည်း ရေဝင်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဂျပန်မိုးလေဝသဌာနကတော့ ဂီဖူနဲ့ အိုင်ချီစီရင်စုတွေကို ဖြတ်သန်းစီးဆင်းတဲ့ ရှိုနိုင်းမြစ်အတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ ရေဘေးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

နာဂိုယာမြို့ အာဏာပိုင်တွေကလည်း ချီကူဆာ၊ မိုရီယာမာနဲ့ မီတိုရပ်ကွက်တွေမှာ နေထိုင်သူတွေကို အန္တရာယ်ကင်းရာကို ချက်ချင်းရွှေ့ပြောင်းကြဖို့ သတိပေးခဲ့ပါတယ်။

အိုင်ချီစီရင်စုအစိုးရရဲ့ ထုတ်ပြန်ချက်အရ မိုးကြီးရေလျှံမှုကြောင့် လူ ၄ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ ၂,၇၀၀ ခန့်ဟာ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖွင့်လှစ်မယ့် အာရှအားကစားပြိုင်ပွဲအတွက် အသုံးပြုမယ့် နာဂိုယာမြို့ရှိ အားကစားကွင်း တချို့ထဲကိုလည်း မိုးရေတွေ ဝင်ရောက်ခဲ့ပါတယ်။

နာဂိုယာမြို့ရဲ့ မြေအောက်ရထား ဝန်ဆောင်မှုတွေကိုလည်း ယာယီရပ်ဆိုင်းခဲ့ရတာကြောင့် ခရီးသည်အများအပြား သွားလာရေးအခက်အခဲတွေ ကြုံခဲ့ရပါတယ်။

မိုးကြီးမှုကြောင့် ဒေသတွင်းရထားတွေတင်မကဘဲ အမြန်ရထားဝန်ဆောင်မှုတွေပါ ထိခိုက်ခဲ့ပါတယ်။

JR Central ရဲ့ ထုတ်ပြန်ချက်အရ Tokaido Shinkansen တိုကိုင်းဒို ရှင်းကဲန်ဆန်ရထားတွေဟာ အိုကာယာမားနဲ့ တိုကျို ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းခဲ့ရပြီး တိုကျိုကနေ နာဂိုယာဘက်ကို ထွက်ခွာမယ့် ရထားတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ဂျပန်မိုးလေဝသဌာနက အိုင်ချီနဲ့ ဂီဖူစီရင်စုတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး နာရီပေါင်းများစွာ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သတိပေးထားပါတယ်။

အနောက်ပိုင်းကနေ အရှေ့မြောက်ပိုင်းအထိ ဂျပန်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ ဒေသတွေမှာ နောက်ထပ်မိုးကြီးနိုင်တာကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိထားကြဖို့ မိုးလေဝသဌာနက တိုက်တွန်းထားပါတယ်။

Ref:TheNation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.