ဝါရှင်တန်၊ စက်တင်ဘာ ၁၀
နိုဝင်ဘာလအတွင်း ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲ ပြီးဆုံးပြီးတဲ့ အထိ အီရန် စစ်ပွဲ အဆုံးသတ်လိမ့်မယ်လို့ မထင်ကြောင်းနဲ့ အဲဒီအချိန်အထိ ရေနံဈေးလည်း ကျဦးမှာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
အီရန်အနေနဲ့ နောက်ထပ် တောင့်ခံနိုင်တော့မှာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲပြီးနောက် စစ်ပွဲ ချက်ချင်း အဆုံးသတ်သွားလိမ့်မယ်လို့ ထင်ကြောင်း ထရန့်က တီဟီရန်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စက်တင်ဘာ ၉ ရက်မှာ ပြောဆိုခဲ့တာပါ။
အမေရိကန် အစိုးရ အဖွဲ့အတွင်း အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားစေနိုင်တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ရီပက်ဘလေကန် ပါတီရဲ့ ပထမဆုံး ညီလာခံအတွက် တက္ကဆက်ပြည်နယ်သို့ သွားရောက်ချိန်မှာ ထရန့်က အခုလိုမျိုး ထုတ်ပြောလာတာပါ။
ထရန့်ဟာ သူ့အပေါ် ထောက်ခံမှု လျော့ကျနေမှုနဲ့ ရင်ဆိုင်နေရပြီး အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး သူ့ရဲ့ ရီပက်ဘလေကန် ပါတီထဲက ဖိအားပေးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
စက်တင်ဘာ ၉ ရက်က ရေနံဈေးနှုန်းတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် ဇူလိုင်လ နောက်ပိုင်း ပထမဆုံးအကြိမ် အနေနဲ့ ဒေါ်လာ ၁၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။
ရွေးကောက်ပွဲပြီးတာနဲ့ ချက်ချင်းဆိုသလို ရေနံဈေး ထိုးကျသွားမှာ ဖြစ်ကြောင်း ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။
ရေနံဈေး ကျဆင်းဖို့က သက်တမ်းဝက် ရွေးကောက်ပွဲထက် နည်းနည်းလေး ပိုကြာလိမ့်မယ်လို့ ထင်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
ဒီမိုကရက်တွေကို ညွှန်းဆိုပုံရတဲ့ ပြောဆိုမှု တစ်ခုအနေနဲ့ ထရန့်က အီရန်ဟာ အမေရိကန်မှာ အားနည်းတဲ့ လူတစ်စု ရှိလာစေဖို့ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိအောင် လုပ်ဆောင်ဖို့ အသည်းအသန် ကြိုးပမ်းမှာ ဖြစ်ကြောင်း ထရန့်က ဆိုပါတယ်။
အမေရိကန်ရှိ အားနည်းတဲ့ အုပ်စုတွေက အီရန်ကို ဒီအတိုင်း ထားလိုက်ပြီး သူတို့ရဲ့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ခွင့် ပေးလိုက်ပါလို့ သဘောထားနေကြောင်း ထရန့်က ပြောပါတယ်။
တီဟီရန်က သူတို့ နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အကြိမ်ကြိမ် ပယ်ချထားပါတယ်။
အီရန်နဲ့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်နိုင်ခြေ ရှိပေမယ့် အဲဒါက မိမိတို့ မျှော်လင့်ထားတာ မဟုတ်ဘူးလို့လည်း ထရန့်က ပြောပါတယ်။
အခုအခါ သတ္တမမြောက်လထဲ ဝင်ရောက်လာနေပြီ ဖြစ်တဲ့ အီရန် စစ်ပွဲဟာ သီတင်းပတ် အနည်းငယ်အတွင်း ပြီးဆုံးမယ်လို့ အမေရိကန် သမ္မတက ကနဦး ဟောကိန်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စစ်ပွဲကြောင့် လောင်စာဈေးနှုန်းကနေ ကုန်ပစ္စည်း တန်ဖိုး မြင့်တက်လာတာက စလို့ စစ်ပွဲရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ထရန့်အပေါ် လူထု ထောက်ခံမှု သိသိသာသာ လျော့ကျလာနေပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတဝှမ်းရှိ ရေနံ အဆောက်အဦတွေ တိုက်ခိုက်ခံနေရပြီး တိုက်ခိုက်မှုတွေ မကြာသေးခင် ရက်ပိုင်းက အရှိန်မြင့်တက်လာပါတယ်။
တိုက်ခိုက်မှုတွေ အရှိန်ပြန်လည် မြင့်တက်လာမှုနဲ့အတူ ကမ္ဘာ့ လောင်စာ ဈေးနှုန်းနဲ့ သင်္ဘောနဲ့ ပို့ဖို့ လိုအပ်တဲ့ ကုန်စည်တွေ ဈေးနှုန်း မြင့်တက်လာပါတယ်။
စက်တင်ဘာ ၉ ရက်က အမေရိကန် စစ်တပ်က အီရန်နဲ့ ဆက်နွယ်တဲ့ ရေနံတင် သင်္ဘော ၅ စီးကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တီဟီရန်က တုံ့ပြန်တဲ့အနေနဲ့ ဟောမု့ဇ် ရေလက်ကြားရှိ အမေရိကန် ရေတပ် ဖျက်သင်္ဘော နှစ်စီးနဲ့ ရေနံတင်သင်္ဘော ၈ စီးကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
အီရန် ထောက်ပံ့ထားတဲ့ ယီမင်ရှိ ဟူသီ အဖွဲ့က စောစောပိုင်း တစ်ရက်က ဆော်ဒီအာရေးဗီးယားကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ရေနံ အဆောက်အဦတွေ မီးလောင်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲမှု ပြီးခဲ့တဲ့လက သက်တမ်းကုန်ပြီးနောက် မကြာသေးခင်က ပြန်လည် စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဈေး ဆက်လက် မြင့်တက်လာနိုင်ပြီး အမေရိကန်မှာ အတိုးနှုန်း ပိုမြင့်မား လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
Ref:BBC

