မနီလာ၊ စက်တင်ဘာ ၁၀
ဖိလစ်ပိုင်ရှိ ကူးတို့ရေယာဉ် တစ်စီးပေါ်မှာ မီးလောင်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၈၆ ဦး ပျောက်ဆုံးနေကြောင်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။
ပလာဝန်ပြည်နယ်ရှိ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်လေ့ရှိရာ ကိုရွန်ဒေသသို့ လာရောက်တဲ့ MV June Aster ကူးတို့ယာဉ်ဟာ ဆိုက်ကပ်မယ့် နေရာနဲ့ နီးလာချိန်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကူးတို့ယာဉ် မီးလောင်ပြီးနောက် လူ ၄၃ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
အဲဒီ ကူးတို့ယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၁၃၄ ဦး လိုက်ပါလာတာ ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ် ဗိုလ်ကြီး နိုမီ ကာယက်ယက်က ဆိုပါတယ်။
ထိခိုက် သေဆုံးသူတွေကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တဲ့ အရာရှိက အဲဒီ ဖြစ်ရပ်ဟာ တကယ့်ကို ရင်နာစရာ ဖြစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေ စိုးရိမ်ပြီး ဆေးရုံတွေ အပါအဝင် အခြားနေရာတွေမှာ လိုက်လံ စုံစမ်းနေကြပါတယ်။
ကိုရွန်ဒေသဟာ ဒေသတွင်း လူတွေရော နိုင်ငံခြား ခရီးသွားတွေပါ လာရောက် လည်ပတ်လေ့ရှိတဲ့ ဒေသ ဖြစ်ပြီး ထုံးကျောက် ချောက်ကမ်းပါးတွေ၊ ကမ်းခြေတွေ၊ စိမ်းပြာရောင် ရေပြင်တွေကြောင့် နာမည်ကျော်တဲ့ ဒေသ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်က သင်္ဘောပျက်တွေ ရှိတဲ့ နေရာတွေကြောင့်လည်း ရေငုပ်သမားတွေကြား လူကြိုက်များတဲ့ ဒေသ ဖြစ်ပါတယ်။
နိုင်ငံရဲ့ များစွာသော ကျွန်းတွေကို ဖြတ်ပြီး ရေကြောင်းနဲ့ သွားလာရသူ အများအပြားရှိတဲ့ ဖိလစ်ပိုင်မှာ ကူးတို့ယာဉ် မတော်တဆ ဖြစ်မှုတွေ မကြာခဏဆိုသလို ကြုံနေရပါတယ်။
ဒါပေမဲ့ ကိုရွန်မှာ ကူးတို့ယာဉ် မီးလောင်မှု မဖြစ်ခင်အထိ အဲဒီလို မတော်တဆ ဖြစ်မှုမျိုးဟာ ကြုံတောင့်ကြုံခဲ ကိစ္စ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ ကိုရွန်ဒေသ ကမ်းရိုးတန်းအလွန်မှာ ကုန်တင်သင်္ဘော တစ်စီး နစ်မြုပ်ပြီးနောက် သင်္ဘော အမှုထမ်း ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ ကုန်တင် ခရီးသည်တင် သင်္ဘော တစ်စီး ကိုရွန်ဒေသ ဆိပ်ကမ်းကနေ ထွက်ခွာဖို့ ကြိုးပမ်းချိန် သောင်တင်သွားပြီးနောက် လူ ၃၀၀ ကျော် ဒုက္ခရောက်ခဲ့ပေမယ့် ခရီးသည်အားလုံးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
ကူးတို့ ရေယာဉ် မီးလောင်မှု ဖြစ်ပွားရာနေရာမှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ကျွန်းပေါင်း ၇၁၀၀ ရှိတဲ့ ဖိလစ်ပိုင်မှာ ရေကြောင်း မတော်တဆ ဖြစ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး တစ်ခါတလေမှာ သတ်မှတ် အရေအတွက်ထက် ခရီးသည် ပိုမို တင်ဆောင်မှု စည်းကမ်းပိုင်း လိုက်နာမှု အားနည်းမှုတို့ကြောင့် မတော်တဆ ဖြစ်ပွားရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဇမ်ဘိုအန်ဂါမြို့ကနေ ဘာဆီလီယန်ကျွန်းသို့ ခုတ်မောင်းလာတဲ့ ခရီးသည်တင် ကူးတို့ ရေယာဉ် တစ်စီး ပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ရပါတယ်။
ဒါပေမဲ့ အခု ဖြစ်ပွားတဲ့ ကူးတို့ယာဉ် မီးလောင်မှုအတွင်း လူ ၈၆ ဦး ပျောက်ဆုံးနေတာကြောင့် ဖိလစ်ပိုင်မှာ ဖြစ်ပွားတဲ့ ရေကြောင်း မတော်တဆမှုတွေအတွင်း ပိုမို ပြင်းထန်တဲ့ ဖြစ်ရပ် ဖြစ်ပုံရကြောင်း သတင်းထောက်တွေက ပြောပါတယ်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က မိမိတို့ အင်အားအားလုံးသုံးပြီး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့အပြင် ငါးဖမ်းလုပ်ငန်း နယ်ပယ်က အလုပ်သမားတွေလည်း ပါဝင် ကူညီနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ရေစီး ပြင်းနေပြီး ရာသီဥတု အခြေအနေ မကောင်းတာကြောင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ အတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။
အဲဒီ ကူးတို့ ရေယာဉ်ပေါ်မှာ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ဖိလစ်ပိုင် အရာရှိတွေက စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Ref:BBC

