နေပြည်တော်၊ အောက်တိုဘာ ၆

အယ်လ်နီညို ရာသီဥတုကို ကျော်ဖြတ်နိုင်ဖို့အတွက် ရေနဲ့စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားဖို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် ညွှန်ကြားလာပါတယ်။

မနေ့ အောက်တိုဘာ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ညွှန်ကြားလာတာပါ။

ဦးမင်းအောင်လှိုင်က အယ်လ်နီညို ရာသီဥတုကြောင့် ပူပြင်းခြောက်သွေ့တာ၊ မြေအောက်ရေ ခန်းခြောက်မှုတွေ ကြုံတွေ့ရနိုင်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ မြို့နယ်တချို့မှာ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေတာ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အယ်လ်နီညိုဘေးအန္တရာယ်အတွက် သောက်သုံးရေ၊ စိုက်ပျိုးရေတွေ ထိန်းသိမ်းသုံးစွဲဖို့၊ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ၊ဆည်တာတမံတွေမှာ ရေတွေ သိုလှောင်စုဆောင်းထားဖို့ ပြောပါတယ်။

တဆက်တည်း မလိုလားအပ်တဲ့ ရေဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်တာ၊ ကြာရှည်စွာ အထားခံပြီး စားသောက်နိုင်တဲ့ အသီးအနှံတွေနဲ့ စားရေရိက္ခာတွေ စုဆောင်းထားရှိဖို့ ညွှန်ကြားခဲ့တာပါ။

ကမ္ဘာ့မိုးလေဝသပညာရှင်တွေကတော့ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမယ့် ဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်ပြီး လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စူပါအယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ သက်ရောက်မှု ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.