မော်လမြိုင်၊ အောက်တိုဘာ ၆

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က မော်လမြိုင်မြို့နယ်အတွက် လုပ်ငန်းသုံး ကား ၁၀ စီး အကြီးစား ပြင်ဆင်စရိတ်အတွက် ငွေကျပ် သိန်း ၁၁၅၀ တောင်းခံထားတယ်လို့ မွန်ပြည်နယ် လွှတ်တော်ရဲ့ ငွေကြေးဆိုင်ရာ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားမှုနဲ့ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနဲ့စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီက မွန်ပြည်နယ် လွှတ်တော်သို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဟာ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်အဖြစ် ငွေကျပ် ၁၅ ဒသမ ၃၆၁ ဘီလီယံနဲ့ ရန်ပုံငွေ အများဆုံး တောင်းခံထားတဲ့ ဌာနလည်း ဖြစ်ပါတယ်။

အဲဒီအထဲမှာ လုပ်ငန်းသုံး ကား ၁၀ စီး အကြီးစား ပြင်ဆင်စရိတ်အတွက် ငွေကျပ် သိန်း ၁၁၅၀ အထိ များပြား တောင်းခံထားတဲ့အတွက် ပြန်လည်စိစစ်ဖို့ မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေးကော်မတီက ထောက်ပြထားပါတယ်။

၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ မွန်ပြည်နယ်အစိုးရရုံး၊ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လမ်းဦးစီးဌာနတို့ဟာ ရန်ပုံငွေ အများဆုံး တောင်းခံထားတဲ့ ဌာနတွေလည်း ဖြစ်ပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဟာ ၂၀၂၆ – ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာလည်း ဘတ်ဂျက်ရန်ပုံငွေ အများဆုံး သုံးစွဲခွင့်ရရှိထားတဲ့ ဌာန ဖြစ်ပေမယ့် စည်ပင်ဝန်ဆောင်မှု ညံ့ဖျင်းနေတာကြောင့် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကို မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်မြတ်ကျော်စိန်က ဝန်ကြီးအဖြစ် တာဝန်ယူပြီး သက်တော်ရှည် ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ဦးဆောင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.