မုန်း၊ အောက်တိုဘာ ၇
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် လူငယ် တစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က တိုက်ပွဲမရှိဘဲ မုန်းမြို့နယ် ကျောက်ကြီးပေါက်ကျေးရွာကို ဒရုန်းနဲ့ နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်ဇော်ဟာ နေရာမှာပင် သေဆုံးပြီး အသက် ၄၀ ကျော်ကနေ ၇၀ ကြားရှိတဲ့ ဦးမျိုးအောင်၊ ဒေါ်မဲတူ၊ မချစ်စု၊ ဒေါ်ခင်အောင်၊ ဦးကြည်စိုး၊ ဒေါ်ဝင်းကြည်တို့ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃ ရက်နေ့မှာလည်း မုန်းမြို့နယ် အင်းပုရစ်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ သုံးကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ နေအိမ် ငါးလုံးပျက်စီးခဲ့ပါသေးတယ်။
KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေ အမြဲလိုလိုဖြစ်ပွားနေပြီး နေအိမ်နဲ့ပစ္စည်းဥစ္စာတွေအပါအဝင် ဘာသာရေး၊ စာသင်ကျောင်း၊ ဆေးရုံနေရာတွေ ပျက်စီးဆုံးရှုံးမှုမှ လူအသက်သေဆုံးမှု အခြေအနေအထိ ရှိနေတယ်လို့ သိရပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း KNU ညောင်လေးပင်ခရိုင်က ကျေးရွာတွေမှာ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၇၃ ဦး သေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင် အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

