သရက်ချောင်း၊ အောက်တိုဘာ ၇
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြင်ဖြူကြီးကျေးရွာမှာ စစ်တပ်စစ်ကြောင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းကစလို့ သရက်ချောင်းမြို့နယ် ပြင်ဖြူကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
စစ်တပ်စစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ပြင်ဖြူကြီးကျေးရွာ နေအိမ် တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ အရွယ် ဒေါ်မဲတူးဟာ နေရာမှာပဲ သေဆုံးသွားပြီး နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ပြင်ဖြူကြီးကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အလားတူ အာဏာသိမ်း စစ်တပ်ဟာ သရက်ချောင်းမြို့နယ် ပိတိုင်နဲ့ဆင်ကျန်းကျေးရွာပတ်ဝန်းကျင်မှာ မြေပြင်စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ အများအပြား တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရေကြီးမြေပြိုမှု သဘာဝဘေးကြုံခဲ့ရတဲ့ သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ကယ်ဆယ်ရေး အကြောင်းပြချက်နဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

