နေပြည်တော် ၊ အောက်တိုဘာ ၇
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရက မြန်မာပြည်သူတွေကို အကျပ်အတည်းဒုက္ခ သံသရာတွင်းကနေ မလွတ်မြောက်နိုင်အောင် တွန်းပို့ထားပြီးခါမှ ပြည်သူလူထုရဲ့ အစိုးရအပေါ် အားကိုးအားထားပြုနိုင်မယ့် ယုံကြည်မှုကို လိုလားနေပြန်ပါတယ်။
စစ်တပ်အနေနဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူနိုင်ခဲ့သလို အပိုင်းလိုက်ရွေးကောက်ပွဲကနေ အာဏာကို ခွဲဝေကျင့်သုံးတဲ့ အသွင်နဲ့ ဆက်လက်ရယူထားနိုင်ပေမယ့် အုပ်ချုပ်ခံတွေဖြစ်တဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကိုတော့ ဒီကနေ့တိုင် မရရှိသေးပါဘူး။
စစ်အာဏာရှင်စနစ်ကို တကျော့ပြန်အသက်သွင်းခဲ့တဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က သူတို့အစိုးရအနေနဲ့ နိုင်ငံတာ်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တာ မကြာခင်ရက်ပိုင်းအတွင်း ၆ လ ပြည့်မြောက်တော့မယ်လို့ ဆိုပါတယ်။
အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံ့စီးပွား ပြန်လည်တိုးတက်လာအောင် လုပ်ဆောင်နိုင်မှသာ ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်အားကိုးပြီး အဘက်ဘက်က နိုင်ငံ့ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောကြားထားတာပါ။
ပြည်တွင်းတည်ငြိမ်မှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုအားနည်းပြီး နိုင်ငံရဲ့ စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသလို နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လို့ စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့ ဘဏ္ဍာရေးအရ အကူအညီတွေ မရရှိတာလို့ ဆိုပါတယ်။
ထုတ်ကုန်ပစ္စည်းတွေ နိုင်ငံတကာဈေးကွက် အပြည့်အဝမရရှိတာနဲ့ ကုန်သွယ်မှုတွေ ကျဆင်းတာတွေကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ စွမ်းအားပြည့် လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတာရှိတယ်လို့ ဦးမင်းအောင်လှိုင်က ဝန်ခံထားတာပါ။
နိုင်ငံမတည်ငြိမ်မှုတွေကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အပေါ် ပြန်လည်တိုးတက်အောင်လုပ်ဖို့ ပြည်ထောင်စုဝန်ကြီးတွေ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သူက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ သွင်းကုန်နဲ့ ထုတ်ကုန်ဟာ တိုင်းပြည်ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတာမို့ ကုန်သွယ်မှုအားကောင်းအောင် နည်းလမ်းတွေ အများကြီးရှိပေမယ့် စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ တလွဲတွေဖြစ်နေတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။
ပြည်သူတစ်ဦးကလည်း အစိုးရတစ်ရပ်အနေနဲ့ လမ်းမှန်နေရင် ဘယ်သူမဆို လက်ခံမှာဖြစ်ပေမယ့် လက်ရှိမှာ အာဏာတည်မြဲရေးကိုပဲ ကြည့်မယ်ဆိုရင်တော့ တိုင်းပြည်ဟာ ဒီအတိုင်း မွဲခြောက်သွားမှာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အစိုးရက ကောင်းကောင်း လမ်းမှန်ရင် ဘယ်သူမဆို လက်မခံစရာ အကြောင်းမှမရှိဘဲ။ သူများနိုင်ငံကို နှိုင်းယှဉ်ကြည့်ရင်လည်း သူများနိုင်ငံလည်း ဒီလိုပဲလေ။ တချို့နိုင်ငံက ကောင်းတယ်၊ တချို့ နိုင်ငံကလည်း လာဘ်စားမယ် အဂတိလိုက်စားမှုများရင်တော့ တိုင်းပြည်က မတိုးတက်ဘူးပေါ့။ အခုက သူတို့က ဒီအာဏာကိုပဲ လောလောဆယ်က သူတို့ရဲ့ အင်ပါယာတစ်ခု တည်ထောင်ဖို့အတွက် မြဲဖို့အတွက်ပဲ ကြည့်မယ်ဆိုရင်တော့ ဒီလိုပဲ ဆက်သွားရင် တိုင်းပြည်က ဒီလိုပဲ မွဲခြောက်သွားမှာပေါ့၊ ဒီလိုမျိုးပဲ ကျွန်တော် မြင်တာပေါ့”လို့ ဆိုပါတယ်။
တစ်ဘက်မှာတော့ လက်နက်ကိုင်တွေရဲ့ လုပ်ရပ်တွေကြောင့် လမ်းတံတားတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင် တည်ဆောက်ရာမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံတော်က ဘဏ္ဍာငွေတွေ လူ့စွမ်းအားနဲ့ အချိန်တွေကို ထပ်မံ အသုံးပြုရတာကြောင့် မူလရည်မှန်းထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ဖို့ အခက်တွေ့သွားစေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုတဲ့ဒေသတွေမှာ မြေပေါ် မြေအောက် သယံဇာတတွေကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ခိုးယူ သုံးစွဲပြီး ပြည်ပနိုင်ငံသို့ တရားမဝင် လမ်းကြောင်းတွေကနေ တင်ပို့နေကြလို့ နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်နေတယ်လို့ စွပ်စွဲထားတာပါ။
ဒီလိုမျိုး တစ်ဦးချင်းရဲ့ ကိုယ်ကျိုးအတွက် တရားမဝင် နည်းလမ်းတွေနဲ့ အလုပ်အကိုင် ဝင်ငွေတွေ ရှာဖွေ ရရှိနေကြတာကြောင့် တရားဝင် ကုန်ထုတ်လုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်မှုတွေ အားနည်းတယ်လို့ သူက အပြစ်ဖို့ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အဲဒီဒေသတွေမှာ ဆက်လက်တည်မြဲနေတာဖြစ်လို့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်နေတာရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
နိုင်ငံရေးနဲ့ စီးပွားရေးကို ကွဲပြားစွာ သိမြင်ကြဖို့ လိုအပ်ပြီး နိုင်ငံ့အရေးနဲ့ နိုင်ငံရေးကို ကွဲပြားစွာ သိမြင်နိုင်ခြင်းမရှိဘဲ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးနေတာပဲလို့ သူက ဆိုပါတယ်။
ဒါတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် လက်ရှိအချိန်မှာ တိုင်းပြည်ဟာ ကျရှုံးနိုင်ငံအဆင့်ကို ဦးတည်တဲ့ ဘက်ပေါင်းစုံ ချွတ်ခြုံကျလာမှုနဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့အပေါ် အရင်းခံပြဿနာရဲ့ ဇစ်မြစ်ကိုတော့ ဦးမင်းအောင်လှိုင် ဝန်မခံရဲသေးပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ကိုယ်တိုင်က အမှားကို ကွဲကွဲပြားပြား မစဉ်းစားဘဲ နိုင်ငံ့အရေးမဟုတ်တဲ့ နိုင်ငံရေးအကျိုးစီးပွားကို လုပ်ဆောင်နေတာကြောင့်လို့ ဝေဖန်ပါတယ်။
“ဒီဟာက သူ မှားခဲ့တယ် တကယ်ကို တွေ့ဆုံဆွေးနွေးပေးမယ့်သူကို တွေ့ဆုံဆွေးနွေးမယ်၊ တိုင်းပြည်ကို တကယ် တိုးတက်အောင် လုပ်မယ်ဆိုရင် ဒါက နိုင်ငံ့အရေးကို သူ စဉ်းစားမယ်ဆိုရင်တော့ ကွဲကွဲပြားပြား သိတာပေါ့။ အခုဟာက သူက ပါးစပ်ကသာ နိုင်ငံရေးနဲ့ နိုင်ငံ့အရေးကို ပြောတာ။ သူက နိုင်ငံ့အရေး လုပ်နေတာ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်နေတာ၊ ကိုယ်ကျိုးအတွက်ပေါ့။ နိုင်ငံရေးဆိုတာ ကိုယ်ကြိုက်နှစ်သက်တဲ့ တစ်ခုခုကို ထောက်ခံတာကို နိုင်ငံရေးလို့ ခေါ်ပြီး နိုင်ငံ့အရေးကျတော့ ကြိုက်နှစ်သက်သက် မကြိုက်နှစ်သက်သက် တိုင်းပြည်ကောင်းလာဖို့အရေးကို နိုင်ငံ့အရေးလို့ ခေါ်တာ။ သူက အဲဒါကို ကွဲကွဲပြားပြား သူကိုယ်တိုင် မသိဘူးဖြစ်နေတာပေါ့ဗျ”လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ နိုင်ငံ့အာဏာကို အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်နဲ့ ပြောင်းလဲရယူပြီးနောက်ပိုင်း သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေနဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် နိုင်ငံ့စီးပွားရေးဟာ တဖြည်းဖြည်း ယိုင်နဲ့လာနေပါတယ်။
ဒါကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အခြေခံလူတန်းစားသာမက လူလတ်တန်းစားအလွှာတွေအထိ သက်ရောက်လာနေသလို စစ်တပ်ရဲ့ စိုးမိုးနယ်မြေတွေ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်အသုံးစရိတ်ကလည်း မြင့်တက်လာနေတာပါ။
ဒီအခြေအနေမှာ အခွန်အခတွေ ပိုမိုရရှိစေဖို့ အခွန်ငွေတွေကို အပြည့်အဝ မှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တိုင်း၊ပြည်နယ်အစိုးရအဖွဲ့တွေကို ကိုယ်တိုင်ခန့် သမ္မတက ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးထားတဲ့ ရန်ပုံငွေတွေနဲ့ ထပ်မံခွင့်ပြုမယ့် ဖြည့်စွက်ခွင့်ပြုငွေတွေကို အကျိုးရှိရှိ ထိထိရောက်ရောက်နဲ့ အလေအလွင့်မရှိအောင် စိစစ်သုံးစွဲကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဘဏ္ဍာငွေတွေ သုံးစွဲရာမှာလည်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိတဲ့ သုံးစွဲမှုတွေဖြစ်စေဖို့နဲ့ မကုန်သင့်တဲ့ နေရာတွေမှာ အပိုသုံးစွဲမှု မဖြစ်စေရေး စနစ်တကျ စိစစ်သုံးစွဲသွားကြဖို့ကိုလည်း သူက သတိပေးထားတာပါ။
CDM လေတပ် တပ်ကြပ်ကြီး ဇေယျက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးနဲ့ တပ်သားခေါ်ယူရေးတွေမှာ ကုန်ကျစရိတ်တွေများလာသလို ပွင့်လင့်ရာသီမှာ စစ်ဆင်ရေးလုပ်ဖို့ ရှိတာကြောင့်လို့ ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေ တအားများလာတဲ့ နောက်ဆက်တွဲက ကုန်ကျစရိတ်တွေ အရမ်းများလာတယ်။ ပြီးတော့ ထောက်ပံ့ပို့ဆောင်ရေးတွေ တပ်သားတွေ ခေါ်ယူတဲ့ ကိစ္စတွေမှာ အရမ်းကို ဘတ်ဂျက်အသုံးများတယ်။ ဒါကြောင့်မို့ လိုအပ်လာလို့ ဒါမျိုး ကျပ်လာတာပေါ့။ နောက်တစ်ခု ပွင့်လင်းရာသီမှာ သူတို့ စစ်ဆင်ရေးတွေ ပိုလုပ်ဖို့ ရှိတယ်။ ဒါမျိုးတွေအတွက် ငွေကြေးကုန်ကျစရိတ်တွေ ပိုများလာတဲ့အတွက် သေသေချာချာကို စိစစ်ကြပ်မတ်ဖို့ ပြောလာတယ်လို့ မြင်ရပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီလက်ထက် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စစ်အသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး အဲဒီနောက်ပိုင်း နိုင်ငံတော်ဘဏ္ဍာငွေ သုံးစွဲမှုတွေကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိတော့ပါဘူး။
အာဏာသိမ်းမှု ၅ နှစ်တာအတွင်း စစ်အသုံးစရိတ်တွေကို လိုသလောက်ပမာဏနဲ့ ထုတ်ယူသုံးစွဲနေတဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး လက်ရှိမှာ လွှတ်တော်တွေ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်လို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရမှာပါ။
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာတော့ ပြည်ထောင်စုနဲ့ တိုင်း၊ပြည်နယ်တွေရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုစာရင်း၊ ပြည်ထောင်စုကနေ တိုင်း၊ပြည်နယ်တွေကို ထောက်ပံ့ပေးရမယ့်ငွေတွေကို ဆွေးနွေးခဲ့ကြတာပါ။
ဒါ့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို အတည်ပြုခဲ့ပြီး ဘဏ္ဍာရေးကော်မရှင်ရဲ့ ထောက်ခံချက်နဲ့အတူ အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့သွားမယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

