ဝါရှင်တန် စက်တင်ဘာ ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ရင် အသက် ၁၈ နှစ်အထက် အမေရိကန်နိုင်ငံသားတစ်ဦးချင်းစီကို ဒေါ်လာ ၅,၀၀၀ စီ ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
သမ္မတ ထရန့်ဟာ တက္ကဆက်ပြည်နယ် ဒဲလက်စ်မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ အမျိုးသားညီလာခံမှာ မိန့်ခွန်းပြောရင်း အခုလို ကတိပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒေါ်လာ ၅,၀၀၀ ကို ဘယ်လိုပေးမလဲ၊ ဘယ်ဘဏ္ဍာငွေကနေ ထုတ်ပေးမလဲဆိုတာကိုတော့ အသေးစိတ်ရှင်းပြခြင်း မရှိသေးပါဘူး။
အမေရိကန်မှာ အသက် ၁၈ နှစ်အထက် လူဦးရေဟာ သန်း ၂၇၀ နီးပါး ရှိတာကြောင့် လူတစ်ဦးကို ဒေါ်လာ ၅,၀၀၀ စီ ပေးမယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာ ၁.၃ ထရီလီယံခန့် ကုန်ကျနိုင်ပါတယ်။
ဒုသမ္မတ ဂျေဒီဘန့်စ်ကတော့ ငွေကြေးကို ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေကနေ အမေရိကန်အစိုးရ ရရှိထားတဲ့ ဝင်ငွေတွေနဲ့ ပေးနိုင်မယ်လို့ ရှင်းပြထားပါတယ်။
ဘန့်စ် က ဒီအစီအစဉ်ကို “အမေရိကန်အလုပ်သမားတွေအတွက် အမြတ်ဝေစုတစ်ခု” လို့ ပြောခဲ့ပါတယ်။
ထရန့် က သူပေးမယ့် ငွေကို အမေရိကန်ပြည်တွင်းမှာပဲ သုံးစွဲဖို့လည်း ပြောထားပါတယ်။
“ကနေဒါမှာ သွားပြီး ဒီငွေကို မသုံးစေချင်ဘူး။ တရုတ်၊ ဂျာမနီကိုလည်း သွားမသုံးစေချင်ဘူး။ အမေရိကန်ပြည်တွင်းမှာပဲ သုံးရမယ်” လို့ ထရန့် က ပြောခဲ့ပါတယ်။
ဒါပေမယ့် အဲဒီငွေတွေကို အမေရိကန်ပြည်တွင်းမှာပဲ သုံးစွဲထားခြင်း ရှိ၊ မရှိ ဘယ်လိုစောင့်ကြည့်မလဲဆိုတာ မသိရသေးပါဘူး။
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဒီမိုကရက်ပါတီဘက်ကတော့ “အကောင်အထည်ဖော်နိုင်ခြေမရှိတဲ့ ကတိစကား” လို့ ဝေဖန်ထားပါတယ်။
ဒါ့အပြင် အမေရိကန်ဥပဒေအရ မဲပေးမှုကို လွှမ်းမိုးစေရန် ရည်ရွယ်ပြီး ငွေကြေးပေးအပ်တာတွေကို တားမြစ်ထားတာကြောင့် ထရန့် ရဲ့ မဲဆွယ်ကတိက ဥပဒေအရ ပြဿနာရှိ၊ မရှိ ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
ဒါပေမယ့် ဥပဒေပညာရှင် တချို့ကတော့ ထရန့်ရဲ့ ကတိဟာ မဲဝယ်ယူမှုထက် အခွန်လျှော့ချပေးမယ့် အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့အတွက် တရားဝင်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အမေရိကန်မှာ အစိုးရအသုံးစရိတ်ကို ခွင့်ပြုပေးနိုင်တဲ့ အာဏာဟာ ကွန်ဂရက်လွှတ်တော်မှာရှိတာကြောင့် ထရန့်အနေနဲ့ ဒီငွေပေးချေမှုအတွက် လွှတ်တော်ရဲ့ ခွင့်ပြုချက်တောင်းမလားဆိုတာလည်း မပြောသေးပါဘူး။
ထရန့် ကတော့ သူ့အစီအစဉ်ကို “Trump Dividends” လို့ ခေါ်ဆိုထားပါတယ်။
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ရီပတ်ဘလစ်ကန်ပါတီက ဆက်လက်ထိန်းချုပ်နိုင်မလားဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Ref:BBC

