ကွာလာလမ်ပူ၊ အောက်တိုဘာ ၆

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုနှစ် ဇန်နဝါရီလနောက်ပိုင်း မြန်မာ နိုင်ငံသား ၁၀၀၀၀ ခန့်ကို သူတို့ရဲ့ မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ထားကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းမှုကြောင့် နိုင်ငံတဝှမ်း ပြည်တွင်းစစ်ဖြစ်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်နေတာကြောင့် လူထောင်ပေါင်းများစွာဟာ နယ်စပ်တွေကို ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်ခဲ့ကြ ပါတယ်။

မလေးရှားက မြန်မဒုက္ခသည် ၁၉၃၀၀၀ ခန့်ကို လက်ခံထားကြောင်း ကုလသမဂ္ဂ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အခုလို လက်ခံထားရတာကြောင့် စိတ်ပျက်သူတွေ ပိုများလာပြီး ဒုက္ခသည်တွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာသလို လုံခြုံရေး အန္တရာယ် ရှိလာကြောင်း မလေးရှားက ပြောထားပါတယ်။

မလေးရှားဟာ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ မဟုတ်ဘဲ ခိုလှုံခွင့်တောင်းခံသူတွေကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။

ပြန်လည် ပို့ဆောင်သူ တချို့ကို မြန်မာ အစိုးရ စီစဉ်ပေးတဲ့ လေယာဉ်တွေနဲ့ ပို့ဆောင်ခဲ့တာ ဖြစ်ပြီး ၁၄၀၀ လောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ရေကြောင်းနဲ့ ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ဝါက လွှတ်တော်ကို ပြောပါတယ်။

ပြန်ပို့ခံရသူတွေ ရင်ဆိုင်ရမယ့် ဘေးကင်းရေး အန္တရာယ်တွေ ရှိနိုင်တာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေနဲ့ လွှတ်တော်အမတ် တချို့ရဲ့ စိုးရိမ်မှုတွေကို အန်ဝါက အသိအမှတ်ပြုထားပေမယ့် မြန်မာ အာဏာပိုင်တွေက ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေ အန္တရာယ် မကျရောက်စေရဘူးလို့ ကတိပေးထားကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် မိမိတို့ သတ်မှတ်ထားတာက သူတို့နိုင်ငံသားတွေကို သူတို့ ပြန်ခေါ်ရမယ်လို့ ဖြစ်ကြောင်း အန်ဝါက ပြောပါတယ်။

ဒုတိယအနေနဲ့ စော်ကား အကြပ်ကိုင်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိရအောင် သူတို့ရဲ့ ပြည်သူတွေကို မျှမျှတတ ဆက်ဆံရေး ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

အဲဒီကိစ္စကို လာမယ့် ရက် အနည်းငယ်အတွင်း ကွာလာလမ်ပူသို့ ရောက်လာမယ့် မြန်မာ ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်နဲ့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း အန်ဝါက ပြောဆိုထားပါတယ်။

Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.