ဆိုးလ်၊ စက်တင်ဘာ ၉
မဟာဗျူဟာမြောက် ဟောမု့ဇ် ရေလက်ကြားမှာ စစ်တပ် မချထားဖို့ တောင်ကိုရီးယား နိုင်ငံသား ဒါဇင်ပေါင်း များစွာက စက်တင်ဘာ ၉ ရက်မှာ ဆန္ဒထုတ်ဖော်ပြီး အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာဟာ တရားမဝင် စစ်ပွဲ ဖြစ်တယ်ဆိုပြီး ဆန္ဒပြသူတွေက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
အဲဒီ ရေလမ်းကြောင်း လုံခြုံရေးအတွက် ပါဝင်ကူညီဖို့ ခေါင်းဆောင်တွေက ချိန်ထိုး စဉ်းစားနေချိန်မှာ ရန်လိုတဲ့ စစ်ပွဲအတွင်း မပါဝင်ရေး စာတမ်းတွေ ကိုင်ဆောင်ထားတဲ့ သူတွေက ဆိုးလ်မြို့ရှိ အမေရိကန် သံရုံးဝင်း အပြင်ဖက်မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မဟာမိတ် တောင်ကိုရီးယားကို အရှေ့အလယ်ပိုင်း စစ်ပွဲမှာ ပါဝင် ကူညီဖို့ ဖိအားပေးထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားဟာ ကမ္ဘာ့ စွမ်းအင်ထောက်ပံ့မှုအတွက် အများကြီး အရေးပါပြီး လက်ရှိ အီရန်က ထိန်းချုပ်ထားတာကြောင့် ရေနံဈေးတွေ ခေါင်ခိုက်နေပါတယ်။
မိမိတို့ရဲ့ လူငယ်တွေကို သေမင်း ပင်လယ်ပြင်ဆီ မပို့ဆောင်နိုင်ကြောင်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြပြီး ဆန္ဒပြသူ ၆၀ ခန့်ရှိကြောင်း သတင်းထောက်တွေက ပြောပါတယ်။
ဆိုးလ်မြို့ ရှီဂျောင်း စင်တာရှေ့မှာ ဆန္ဒပြသူတွေ စုပြုံနေခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။
ဟောမု့ဇ် ရေလက်ကြား အခြေအနေကို လေ့လာရေး အချက်အလက်မှန် ရှာဖွေရေး တပ်ဖွဲ့ စေလွှတ်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေက ပြောကြားပြီးနောက် တစ်ရက်အကြာမှာ ဆန္ဒပြပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေကတော့ အဲဒီ ရေလမ်းကြောင်းမှာတပ်ဖွဲ့တွေ ချထားရေး မဆုံးဖြတ်ရသေးဘူးလို့ ပြောထားပါတယ်။
တောင်ကိုရီးယား စစ်တပ်က အဲဒီ ရေလက်ကြား ထိန်းချုပ်ရေး ကြိုးပမ်းနေတဲ့ အမေရိကန်အတွက် ပါဝင် ကူညီဖို့ စဉ်းစားနေကြောင်း စောစောပိုင်းက ပြောဆိုခဲ့ပါတယ်။
အီရန် စစ်ပွဲအတွင်း ပါဝင်ကုညီမှု မရှိတဲ့အတွက် ထရန့်က တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချထားပြီး ဖြစ်ပါတယ်။
တောင်ကိုရီးယားက စစ်တပ်ချထားရင် ရန်စမှုကို တိုက်ရိုက် ကူညီမှုအဖြစ် မှတ်ယူမှာ ဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံတွေ့ရမှာ ဖြစ်ကြောင်း အီရန်က သတိပေးထားပါတယ်။
တောင်ကိုရီးယားက တပ်ဖွဲ့တွေချထားမယ်ဆိုရင် တရားမဝင် စစ်ပွဲထဲ တိုက်ရိုက် ပါဝင်ရာ ရောက်လိမ့်မယ်လို့ အီရန်က ပြောထားပါတယ်။
အမေရိကန်က အီရန်ကို တိုက်ခိုက်ရာမှာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေ အများကြီး ရှိနေတယ်လို့ အီရန် အာဏာပိုင်တွေ ပြောဆိုထားပါတယ်။
Ref:AFP

