အလုပ်သမား ပြတ်လပ်မှု သက်သာစေဖို့ သိရိလင်္ကာ အလုပ်သမား ၁၀၀၀၀ ထိုင်း ခေါ်ယူမယ်

ဘန်ကောက်၊ စက်တင်ဘာ ၉

ထိုင်း အစိုးရအဖွဲ့က သီရိလင်္ကာနဲ့ အလုပ်သမား ခေါ်ယူရေး သဘောတူညီမှု နှစ်ခုကို အတည်ပြုလိုက်ပြီး ထိုင်းအလုပ်သမား ဈေးကွက် အစိတ်အပိုင်းတွေမှာ လုပ်သားအင်အား ပြတ်လပ်မှု သက်သာစေရေး သိရလင်္ကာ အလုပ်သမား ၁၀၀၀၀ ကို ကနဦး ခေါ်ယူသွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ထိုင်းနိုင်ငံရှိ သီရိလင်္ကာ အလုပ်သမားတွေ ပါဝင်တဲ့သီးခြား အလုပ်ခန့်ထားမှု သဘောတူညီမှုနဲ့ အလုပ်သမား ခန့်ထားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ထိုင်းအစိုးရက စက်တင်ဘာ ၈ ရက်မှာ ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အစိုးရ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ပတ်ရန်စ် သွန်ဆာလေခွန်က ပြောပါတယ်။

အဲဒီ စနစ်ဟာ အလုပ်သမားအသစ် ခေါ်ယူရေး လုပ်ငန်းစဉ် တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပြီး အလုပ်သမား ရွေးချယ်မှု ကျန်းမာရေး စစ်ဆေးမှု၊ တရားဝင် ဝင်ရောက်မှု၊ အလုပ်အကိုင် ခန့်ထားမှုနဲ့ နောက်ပိုင်း သီရိလင်္ကာသို့ ပြန်သွားနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ တချို့ ကဏ္ဍတွေမှာ အလုပ်သမား ပြတ်လပ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရှင်တွေဟာ နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်ယူရေး ဥပဒေဆိုင်ရာ လမ်းကြောင်း ပိုမိုများပြားလာရေး တောင်းဆိုနေကြပါတယ်။

လက်ရှိ အလုပ်သမား ပြတ်လပ်နေတဲ့ နေရာတွေမှာ ကနဦး အလုပ်သမား ၁၀၀၀၀ ဖြည့်တင်းရေး ရည်မှန်းချက်နဲ့အတူ သီရိလင်္ကာဟာ ထိုင်းနိုင်ငံက ပထမဆုံး အလုပ်သမား ခေါ်ယူတဲ့ နိုင်ငံတွေထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

ရေတို အစီအစဉ်တွေ မလုပ်ဘဲ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်များစွာကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အဲဒီ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း ပတ်ရန်စ် သွန်ဆာလေခွန်က ပြောပါတယ်။

ရည်ရွယ်ချက်က ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ခန့်ထားမှုကတဆင့် သီရိလင်္ကာမှာ အလုပ်သမား ခေါ်ယူမှုကို စောင့်ကြည့်နိုင်တဲ့ ဘုံစနစ် တစ်ခု ဖန်တီးရေး ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

အလုပ်အကိုင် ခန့်ထားမှုဆိုင်ရာ နားလည်မှု စာချွန်လွှာအရ အလုပ်သမား ဈေးကွက်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် ဝေမျှရေး ဥပဒေနဲ့ မူဝါဒဆိုင်ရာ သတင်း အချက်အလက် ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ အကောင်းဆုံး အလေ့အကျင့်တွေ ဝေမျှရေးလည်း ထိုင်းနဲ့ သီရိလင်္ကာကြား သဘောတူထားတာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်အတွင်း အလုပ်သမား စွမ်းရည် တိုးမြှင့်ရေး၊ လုပ်သားတွေရဲ့ ထုတ်လုပ်မှု မြင့်မားလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရားမဝင် အလုပ်သမား ခေါ်ယူမှု လူမှောင်ခိုကူးမှု ကြိုတင် တားဆီးရေး အထောက်အကူ ဖြစ်စေမယ့် သတင်း အချက်အလက် ဝေမျှပေးရေးတို့လည်း ပါဝင်ပါတယ်။

သီးခြား အလုပ်အကိုင် ခန့်ထားရေး သဘောတူညီချက်က သီရိလင်္ကာ အလုပ်သမားတွေကို ဘယ်လို ခေါ်ယူမယ်ဆိုတာကို သတ်မှတ်ထားပြီး အလုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အလုပ်သမား အရေအတွက်နဲ့ အရည်အချင်း သတ်မှတ်ချက် လိုအပ်မှုတွေ အလုပ်ခန့်ထားမှု အခြေအနေတွေနဲ့ လုပ်ခလစာ အခြေအနေတွေကိုလည်း ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံသို့ မလာရောက်ခင် အလုပ်ခန့်ထားမှု စာချုပ် ရှိရမှာ ဖြစ်ပြီး အလုပ်သမားနဲ့ အလုပ်ရှင်ကြား တိုက်ရိုက် လက်မှတ်ရေးထိုးရမှာ ဖြစ်ကြောင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာမှာ ဖော်ပြထားပါတယ်။

သီရိလင်္ကာ အလုပ်သမားတွေကို ခွဲခြား ဆက်ဆံမှု မရှိဘဲ တန်းတူ မျှမျှတတ ဆက်ဆံသွားမယ့်အပြင် အကျိုးခံစားခွင့် အခွင့်အရေးတွေလည်း အားလုံး တန်းတူ ပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သီရိလင်္ကာ အလုပ်သမားတွေအနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ အငြင်းပွားမှုတွေအတွက် တရားရေးလမ်းကြောင်းက ဖြေရှင်းခွင့် ရရှိမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ ထိုင်းသို့ တရားဝင် ဝင်ရောက် အလုပ်လုပ်ရမှာ ဖြစ်ပြီး အလုပ် ပါမစ် ရရှိရမှာ ဖြစ်သလို ခွင့်ပြုထားတဲ့ အလုပ်ရှင်တွေကပဲ ခေါ်ယူ ခန့်ထားရမှာ ဖြစ်ပါတယ်။

အလုပ်အကိုင် အမျိုးအစားတွေဟာလည်း ထိုင်း အစိုးရက ခွင့်ပြုထားတဲ့ အလုပ်အကိုင် အမျိုးအစား ဖြစ်ရမှာ ဖြစ်ပါတယ်။

သီရိလင်္ကာက ထိုင်းသို့ အလုပ်သမားတွေအနေနဲ့ ကျန်းမာရေး စစ်ဆေးမှု အောင်မြင်ရမှာ ဖြစ်ပြီး အလုပ်စမလုပ်ခင် ကျန်းမာရေး အာမခံရှိကြောင်း သက်သေ အထောက်အထား ပြရမှာ ဖြစ်ပါတယ်။

Ref:Thethaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.