ကနေဒါ အရက်နဲ့ တခြား ကုန်စည်တွေ တင်သွင်းခွင့် အမေရိကန် တားမြစ်

ဝါရှင်တန်၊ စက်တင်ဘာ ၉

အရက် ထုတ်ကုန်တွေ၊ နို့ထွက်ကုန် ပစ္စည်းတွေနဲ့ မော်တော်ယာဉ် အစိတ်အပိုင်းတွေအပါအဝင် ကနေဒါ ထုတ်ကုန်များစွာကို အမေရိကန်က တားမြစ်လိုက်ပါတယ်။

ကနေဒါကလည်း လက်စားပြန်ချေတဲ့အနေနဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန်တွေ တိုးမြှင့် ကောက်ခံထားပါတယ်။

ကနေဒါဟာ အမေရိကန်ကို ခွဲခြား ဆက်ဆံနေတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး စက်တင်ဘာ ၂၉ ရက်က စလို့ ကနေဒါ ထုတ်ကုန်တွေ တင်သွင်းမှု ရပ်တန့်သွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

စက်တင်ဘာ ၈ ရက် စောစောပိုင်းက ကနေဒါ ဝန်ကြီးချုပ် မက် ကာနေက ဗီဒီယို လိုင်းကတဆင့် ရှင်းလင်း ပြောကြားရာမှာ မိမိတို့နိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် အမေရိကန်နဲ့ လမ်းခွဲဖို့ လုပ်ဆောင်တာကြောင့် ပေးဆပ်ရမှုတွေ ရှိလိမ့်မယ်လို့ ပြောပါတယ်။

အမေရိကန်ရော ကနေဒါကပါ ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် ရယူလိုတယ်လို့ ပြောထားပေမယ့် သြဂုတ် လကုန်ပိုင်းက ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ပြီး နောက်ပိုင်း နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်မလာခဲ့ပါဘူး။

ကနေဒါ ဝန်ကြီးချုပ်ရုံးထံ မှတ်ချက်ပြုပေးဖို့ ဆက်သွယ် ပြောကြားခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ကနေဒါနဲ့ အမေရိကန်ကြား လများစွာကြာ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားနေမှု အတွင်း အိမ်ဖြူတော်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်တာဟာ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

နှစ်နိုင်ငံဟာ ရာဇဝင်အရ ရင်းနီးတဲ့ မဟာမိတ်တွေ ဖြစ်ပြီး အချင်းချင်း အားကိုးရတဲ့ စီးပွားရေး လုပ်ငန်းဖော်တွေ ဖြစ်ပါတယ်။

အမေရိကန်ဟာ ကနေဒါရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး ယေဘုယျအားဖြင့် သူတို့ရဲ့ ပြည်ပ ပို့ကုန် သုံးပုံနှစ်ပုံကို တင်ပို့နေတာ ဖြစ်ပါတယ်။

တခြား တစ်ဖက်မှာ ကနေဒါဟာ အမေရိကန်ရဲ့ ဒုတိယမြောက် အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်နေပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်မှု အများဆုံး နိုင်ငံကတော့ မက္ကစီကိုနိုင်ငံ ဖြစ်ပါတယ်။

နှစ်နိုင်ငံ စလုံးရှိ စီးပွားရေး လုပ်ငန်းရှင်တွေက ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာမှာကို စိုးကြောက်နေကြပြီး ကုန်ဈေးနှုန်းတွေ တက်လာမှာ ဖြစ်သလို စားသုံးသူ အရေအတွက် လျော့ကျသွားမယ်လို့ မျှော်လင့်ထားကြပါတယ်။

အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားခဲ့ပြီးနောက် ကနေဒါ ကုန်စည် ဒေါ်လာ ၂၀ ဘီလီယံဖိုးအပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပါတယ်။

အမေရိကန်က အခွန်တိုးကောက်တဲ့ ကဏ္ဍတွေမှာ ကနေဒါ ပရိဘောဂတွေနဲ့ ဝိုင်လုပ်ငန်းတွေ ပါဝင်တဲ့အပြင် အားကစားနဲ့ ငါးဖမ်း လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ကနေဒါကလည်း အမေရိကန်ရဲ့ သံမဏိ၊ အဝတ်အထည်နဲ့ ပရိဘောဂ လုပ်ငန်း ထုတ်ကုန်တွေအပေါ် တန်ပြန် အခွန်ကောက်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တန်ပြန်ကောက်ခွန်တဲ့ အခွန်တွေဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။

ကနေဒါက အမေရိကန် ထုတ်ကုန် ဖြန့်ဖြူးမှုကို တားဖြစ်ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို ခွဲခြား ဆက်ဆံနေတယ်လို့ အိမ်ဖြူတော်က ပြောကြားပြီး ကနေဒါ ထုတ်ကုန်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၈ ရက်မှာ ကြေညာလာတာပါ။

သမ္မတ လက်မှတ်ထိုးထားတဲ့ အိမ်ဖြူတော် ကြေညာချက်မှာ ကနေဒါရဲ့ အရက် ထုတ်ကုန် အများစုနဲ့ အလားတူ ထုတ်ကုန်တွေကို အမေရိကန်သို့ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားပါတယ်။

ကနေဒါ လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ Bombardier က သူတို့အနေနဲ့ လုပ်ငန်းကို အမေရိကန် နိုင်ငံထဲ မရွှေ့ပြောင်းရင် အမေရိကန်မှာ ရောင်းချခွင့် ရရှိတော့မှာ မဟုတ်ဘူးလို့ ပြောထားချိန် ထရန့်က ကနေဒါ အပေါ် နောက်ထပ် ကုန်သွယ်ရေး တားမြစ်ချက်တွေ ပြုလုပ်ဦးမယ်လို့ ပြောထားပါတယ်။

အခွန်တိုးကောက်တာကြောင့် အမေရိကန်နဲ့ တခြား နိုင်ငံတွေကြား ကုန်သွယ်ရေး ချိန်ခွင်ချာ မညီမျှမှုကို လျော့ကျစေမယ်လို့ ထရန့်က ယုံကြည်ထားတာ ကြာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ကျယ်ပြန့်တဲ့အခွန်ကောက်မှုတွေကြောင့် အမေရိကန်ရဲ့ အစဉ်အလာ ကုန်သွယ်ဖက် မဟာမိတ်တွေ အများကြီးကို စိတ်ပျက်စေခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါကြား တင်းမာမှုတွေဟာ အခွန် ကောက်ခံမှုတွေထက် ကျော်လွန်ပြီး ပိုမိုကျယ်ပြန့် လာနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.