ထိုင်းနိုင်ငံ ချွန်ဘူရီ မူကြိုကျောင်းမှာ ရဲအရာရှိရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ဘန်ကောက် စက်တင်ဘာ ၉

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ဘန်လမွန်မြို့နယ်၊ နောင်ပလာလိုင်ဒေသရှိ မူကြိုကျောင်းတစ်ခုအတွင်း ဒီနေ့ စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီအချိန်ခန့်ကအသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းအတွင်းရှိ ကလေးငယ် ၄၄ ဦးစလုံးကို ဘေးကင်းရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။

သတင်းတချို့မှာတော့ ပစ်ခတ်ခံရတဲ့ အမျိုးသမီးဟာ မူကြိုကျောင်းဆရာမ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် ပစ်ခတ်မှုကြောင့် ကလေးငယ် တချို့ဟာ အလွန်ထိတ်လန့်ကာ ငိုယိုခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သေနတ်သမားဟာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်ပြီး ရဲအရာရှိတစ်ဦးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို စုံစမ်းနေပါတယ်။

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က သံသယရှိသူကို သူ့နေအိမ်အထိ ခြေရာခံတွေ့ရှိခဲ့ပြီး လက်နက်ချကာ အဖမ်းခံဖို့ ညှိနှိုင်းပြောဆိုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.