တီဟီရန် စက်တင်ဘာ ၈

အီရန်အစိုးရရဲ့ ထောက်ခံမှုရရှိထားတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က အမေရိကန်မဟာမိတ် ဆော်ဒီအာရေဘီးယားနိုင်ငံတောင်ပိုင်းက မြို့ ၄ မြို့ကို စက်တင်ဘာ ၈ ရက်မှာ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၇၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ရေနံနဲ့ ဆက်စပ်တဲ့ စက်ရုံနေရာတွေမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ လပေါင်း ၆ လကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဆော်ဒီအထိ ပိုမိုကျယ်ပြန့်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်။

ဟူသီအဖွဲ့ကတော့ ဆော်ဒီနယ်မြေအတွင်း နက်ရှိုင်းတဲ့နေရာတွေအထိ ပါဝင်တဲ့ ကျယ်ပြန့်တဲ့ စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ ဆော်ဒီနိုင်ငံတောင်ပိုင်း ခါမစ် မူရှီးယားမြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို အနီးအနားက အက်ဟာမြို့ရှိ ဆော်ဒီနိုင်ငံပိုင် ရေနံကုမ္ပဏီနဲ့ ဆက်စပ်နေရာတွေ၊ ယီမင်နယ်စပ်က နက်ရွန်မြို့နဲ့ ပင်လယ်နီဆိပ်ကမ်းမြို့ ဂျာဇန်တို့ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဆော်ဒီအာဏာပိုင်တွေက တိုက်ခိုက်ခံရတဲ့နေရာတွေမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၇၃ ဦးထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဩဂုတ်လအတွင်း တစ်လနီးပါး တည်ငြိမ်နေခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ဇူလိုင်လနောက်ပိုင်း မတွေ့ရသေးတဲ့ အမြင့်ဆုံးအဆင့်တွေထိ ပြန်တက်လာပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ Brent ရေနံဈေးနှုန်းဟာ ၂ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး တစ်စည်ကို ၉၉ ဒေါ်လာကျော်အထိ ရောက်ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဆော်ဒီ အနောက်တောင်ပိုင်းကို ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်လာမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားအပြင် အရှေ့အလယ်ပိုင်းရဲ့ တခြားစွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပါ ထိခိုက်စေနိုင်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် စစ်ပွဲရဲ့ သက်ရောက်မှု ပိုမိုကြီးမားလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.