ဆိုးလ်၊ စက်တင်ဘာ ၈

မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား ပထမဆုံး တံတားသစ် ဖွင့်လှစ်လိုက်တာဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနီးကပ်လာနေတဲ့ လက်တွေ့ကျတဲ့ သက်သေတစ်ခု ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၈ ရက်မှာ ဖော်ပြပါတယ်။

တူမန်မြစ်ကို ဖြတ်ပြီး ရုရှားနိုင်ငံဘက်ကို ဆက်သွယ်ထားတဲ့ အဲဒီတံတားဟာ မြောက်ကိုရီးယားအတွက် ရုရှားနဲ့ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး တိုးချဲ့နိုင်မယ့် လမ်းကြောင်းအသစ်တစ်ခု ဖြစ်လာမှာပါ။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့လည်း တံတားသစ်တစ်စင်း တည်ဆောက်နေဆဲဖြစ်တာကြောင့် မြောက်ကိုရီးယားဟာ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးနဲ့ ကုန်းလမ်းကနေ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် အခြေအနေကို ရောက်ရှိလာနေပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီအခြေအနေဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံနေရတဲ့ မြောက်ကိုရီးယားအတွက် အရင်က အလွန်လိုလားခဲ့တဲ့ စီးပွားရေးနဲ့ မဟာဗျူဟာအခွင့်အလမ်းတွေ ပိုမိုရရှိလာစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဂျောင်နမ်တက္ကသိုလ်မှ ပါမောက္ခ အင်အူချောက မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ တရုတ်ကို ဆက်သွယ်ပေးမယ့် အဓိကကုန်းလမ်း ၂ ခု ရရှိလာတဲ့အတွက် နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုကို အသုံးချပြီး မိမိအတွက် အကျိုးအမြတ် အများဆုံးရအောင် လုပ်ဆောင်နိုင်မယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် ဒီတံတားတွေဟာ အမေရိကန်အတွက်လည်း မြောက်ကိုရီးယားအနေနဲ့ ပိတ်ဆို့အရေးယူမှု ဖြေလျှော့ပေးဖို့ ဒါမှမဟုတ် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အလျှော့ပေးပြီး ဝါရှင်တန်ကို အားကိုးနေစရာ မလိုတော့ဘူးဆိုတဲ့ နိုင်ငံရေးသတင်းစကား ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရုရှားဘက်ကတော့ တံတားသစ်ဟာ နှစ်နိုင်ငံကြား ကုန်တင်ကုန်ချ သယ်ယူပို့ဆောင်ရေး ပိုမိုတိုးချဲ့နိုင်အောင် ဒီဇိုင်းဆွဲထားပြီး တစ်နေ့ကို ယာဉ်အစီးရေ ၃၀၀ အထိ ဖြတ်သန်းနိုင်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ Truth Hounds ကတော့ တံတားသစ်ဟာ စစ်ရေးအတွက်ပါ အသုံးချနိုင်ပြီး မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ၊ ဆောက်လုပ်ရေးတပ်ဖွဲ့တွေ၊ စစ်ဘက်အရာရှိတွေ ရုရှားဘက်ကို ဝင်ရောက်ဖို့ အဓိကလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အရင်က သတိပေးထားပါတယ်။

တဖက်မှာလည်း ရုရှားဘက်က နည်းပညာနဲ့ အရင်းအမြစ်တွေ မြောက်ကိုရီးယားဘက်ကို စီးဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီတံတားဖွင့်ပွဲကို စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားက ရုရှားနိုင်ငံကို တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီး ကတ်ဒ် ဒေသအတွင်း ယူကရိန်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို တားဆီးရာမှာ ကူညီပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယူကရိန်းဘက်ကလည်း ရုရှားဟာ မြောက်ကိုရီးယားထုတ် ဒုံးကျည်တွေကို အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။

တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားကို ချိတ်ဆက်ဖို့ တည်ဆောက်နေတဲ့ ယာလူမြစ်ကူးတံတားသစ်ကိုတော့ ဒီနှစ်အတွင်း အပြီးသတ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.