ဝါရှင်တန်၊ မေ ၄

မေ ၄ ရက်က စတင်ပြီး ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို အမေရိကန်က ဦးဆောင် လမ်းပြ ခေါ်ထုတ်ပေးမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

အီရန် အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ရဲ့ ကောင်းကျိုးအတွက် တားမြစ်ထားတဲ့ ရေလမ်းကြောင်းမှာ ပိတ်မိနေတဲ့သင်္ဘောတွေကို အမေရိကန်က ကယ်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာ အကောင့်မှာ ရေးသားထားပါတယ်။

နိုင်ငံအများအတွက် သင်္ဘောတွေ ဖြတ်သန်းနိုင်အောင် ကူညီပေးမယ်လို့ ထရန့်က ပြောထားပေမယ့် ဘယ်နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့် ပေးသွားမယ်ဆိုတာ အသေအချာ မပြောထားပါဘူး။

မိမိတို့အနေနဲ့ အဲဒီလို လုပ်ဆောင်ချိန်မှာ အနှောင့်အယှက် ပေးမယ်ဆိုရင် အင်အားသုံး တုံ့ပြန်မှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီးနောက်မှာ ကမ္ဘာ့ စွမ်းအင်လမ်းကြောင်းအတွက် အရေးပါတဲ့ ရေလမ်းကြောင်းကို တီဟီရန်က ပိတ်ဆို့ထားပါတယ်။

အမေရိကန်ကလည်း အီရန် ဆိပ်ကမ်းတွေအားလုံးကို ရေတပ်အင်အားနဲ့ ပိတ်ဆို့ထားတာကြောင့် ကမ္ဘာတဝှမ်း လောင်စာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ထရန့်က သူ့ရဲ့ လူမှုမီဒီယာ ဖော်ပြချက်မှာ အမေရိကန် ကိုယ်စားလှယ်တွေအနေနဲ့ အီရန်နဲ့ အရမ်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အရမ်း အပြုသဘောဆောင်တဲ့ ရလဒ် တစ်ခုခု ထွက်ပေါ်လာလိမ့်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အီရန်ကို တိုက်ခိုက်ရမှာ လူသားချင်းစားနာထောက်ထားမှုကို အလေးပေးသွားမှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။

ဒါပေမဲ့ တီဟီရန် အစိုးရနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကိုတော့ ထရန့်က ပြောဆိုထားတာ မတွေ့ရပါဘူး။

လောလောဆယ် ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းခွင့်ရရေး နိုင်ငံအများအတွက် ဖိအားရှိလာချိန်မှာ အမေရိကန်ရဲ့ အခုလို ကမ်းလှမ်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လွတ်မြောက်ရေး စီမံကိန်းလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၁၅၀၀၀ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတွေနဲ့ လေယာဉ် ၁၀၀ ကျော် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အီရန် စစ်ပွဲ စတင်ပြီးကတည်းက သင်္ဘောသား ၂၀၀၀၀ ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

သင်္ဘောသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကမ္ဘာအတွက်လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် ၂၀ ရာခိုင်နှုန်းလောက်ဟာ ဟာမု့ဇ် ရေလက်ကြားကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အဲဒီ ရေလမ်းကြောင်းကို ဖြတ်သန်းသွားတဲ့ သင်္ဘော တချို့ ပစ်ခတ် တိုက်ခိုက်ခံနေရပြီး အီရန်ဆီက ခွင့်ပြုချက် တောင်ခံဖို့ လိုအပ်နေပါတယ်။

လက်ရှိ အီရန် စစ်ပွဲကြောင့် ကမ္ဘာပေါ်မှာ လောင်စာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ရုရှား ရေနံတွေ ထုတ်ရောင်းမှုတွေလည်းရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.