ကင်ဘာရာ၊ မေ ၄
ကမ္ဘာလုံးဆိုင်ရာ ရေနံ ထောက်ပံ့မှု အနှောင့်အယှက် ဖြစ်နေတာကြောင့် အာရှ-ပစိဖိတ် ဒေသအပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနေတယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက မေ ၄ ရက်မှာ ပြောလိုက်ပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အဘာနိစ်နဲ့ ပြောဆိုဆွေးနွေးပြီးနောက် တာကာအိချီက စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရေး သေချာအောင် မိမိတို့နှစ်နိုင်ငံအနေနဲ့ အရေးတကြီး တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ပြောဆိုလာတာပါ၊
သာမန် အချိန်တွေမှာ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံ တစ်ပုံ ဖြစ်သန်းနေတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် လောင်စာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီ ရေလမ်းကြောင်းက ဖြတ်သန်းတဲ့ ရေနံ ၈၀ ရာခိုင်နှုန်းဟာ အာရှနိုင်ငံတွေဆီ ပို့ဆောင်တာ ဖြစ်ပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် အာရှ-ပစိဖိတ်ဒေသ အများကြီး ထိခိုက်နစ်နာနေရတယ်လို့ ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။
ဂျပန်နဲ့ သြစတြေးလျတို့အနေနဲ့ အရေးပေါ်ပုံစံမျိုး ဆက်သွယ် ပူးပေါင်းဆောင်ရွက်ပြီး စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်အောင် ကြိုပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။
သြစတြေးလျဟာ ဂျပန်အတွက် လိုအပ်တဲ့ ဓာတ်ငွေ့အရည်တွေ အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံ ဖြစ်ပြီး ဂျပန်က ဒီဇယ်တွေ ပြန်ရောင်းချပေးနေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား စွမ်းအင်၊ အရေးပါတဲ့ သတ္တု တူးဖော်ရေးနဲ့ ပတ်သက်လို့ ဆက်ဆံရေး တိုးမြှင့်သွားမှာ ဖြစ်ကြောင်း မေ ၄ ရက်မှာ သဘောတူညီခဲ့ပါတယ်။
တာကာအိချီဟာ ဗီယက်နမ်သို့လည်း သွားရောက်ခဲ့ပြီး ဒေသတွင်း စွမ်းအင်နဲ့ အရေးကြီးတဲ့ သတ္တုတွေ ထောက်ပံ့ရေး ဆွေးနွေးခဲ့ပါတယ်။
Ref:Agencies

