နေပြည်တော် ၊ မေ ၄

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ တည်နေရာ မဖော်ပြတဲ့ နေရာကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားမှုဟာ နိုင်ငံရေးလှည့်စားချက်သာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက မေ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့မှာ လူထုရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၃၀ ရက်နေ့မှာ နေရာပြောင်းရွှေ့မှုဟာ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ လမ်းစကို ချဉ်းကပ်လာတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေကနေ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားတွေကို ထိခိုက်မှု ကျယ်ပြန့်လာနေတာဟာ စစ်တပ်ရဲ့ ဥပဒေချိုးဖောက် အကြမ်းဖက် အာဏာလုယူမှု ကြောင့် ပေါ်ပေါက်လာခြင်းသာဖြစ်တယ်လို့ NLD က ထောက်ပြထားတာပါ။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေါ့တာ၊ နေရာရွှေ့ပြောင်းပေးတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်တာဟာ အသွင်ကူးပြောင်းရေး၊ ပြန်လည်ကုစားနိုင်ရေးအတွက် လုံလောက်တဲ့ သက်သေပြချက် လုံးဝ မဟုတ်သလို ကုစားရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်လာမယ်လို့ ယူဆနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ခြေလှမ်းအဖြစ် မှတ်ယူနိုင်ဖို့ မလုံလောက်ဘူးလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရ တရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်တွေသာဖြစ်လို့ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ ဆောလျှင်စွာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်တာဟာ မြန်မာနိုင်ငံကို ပိုမိုရှည်လျား နက်ရှိုင်းတဲ့ ပဋိပက္ခနွံတွင်းကို မတွန်းပို့မိအောင် ရှောင်ရှားသင့်တယ်လို့ အကြံပြုထားတာပါ။

လက်ရှိ နိုင်ငံရေး ယုံကြည်ချက်နဲ့ ဒီမိုကရေစီလိုလားမှုကြောင့် အကျဉ်းကျခံနေရသူ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံဟာ စစ်မှန်လွတ်လပ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်နေတယ်လို့ ယူဆဖို့ ဝေးကွာလွန်းနေကြောင်း NLD က ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့ အစဉ်တစိုက် ထပ်ခါတလဲလဲ တောင်းဆို သတင်းထုတ်ပြန်ခဲ့ကြတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တစ်ဘက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအအနေတွေကို အစဉ်တစိုက် စောင့်ကြည့်နေပြီး ကာလရှည်ကြာ မိတ်ဆွေတဦးအဖြစ် ဖေါ်ပြပေးတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကိုလည်း NLD က ကျေးဇူးတင် အသိအမှတ်ပြုထားတာ တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်စေရေး လူမှုကွန်ရက်တွေနဲ့ မြေပြင်မှာ လှုပ်ရှားမှုတွေနဲ့အတူ ဆန္ဒပြုတောင်းဆိုနေကြတဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ လုံးဝ လွတ်မြောက်တဲ့အထိ တောင်းဆိုတိုက်ပွဲ ဝင်ပေးဖို့ကိုလည်း တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံမာ ဘက်စုံအကြပ်အတည်းတွေ ဆိုက်ရောက်နေတဲ့ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ် ထားတဲ့ ပြုလုပ်ဖို့ ကြံစည်နေကြတဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း အကျိုးစီးပွားနဲ့ ပတ်သက်ပြီး NLD က သတိပေးထားတာ တွေ့ရပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေ ပြည်သူလူထုရဲ့ ရွေးချယ်ခံအစိုးရတွေကသာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ ပြည့်ဝစွာ အကာအကွယ်ပေးနိုင်မှာဖြစ်ပြီး ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေရေး အာမခံချက် ရှိကြောင်း ထုတ်ပြန်ချက်မှာ အကြံပြုထားတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သတ်မှတ်နေအိမ်မှာ ပြောင်းရွှေ့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က သွားရောက်တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဌာနတချို့က ဖော်ပြကြပါတယ်။

ဥပရောပသမဂ္ဂ EU ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်စေရေး အပြည့်အဝ အလေးထားဖို့ မိသားစုဝင်တွေ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်တွေ အပါအဝင် အကြွင်းမဲ့ လွှတ်ပေးဖို့ကိုလည်း ထပ်မံ တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.