မော်လမြိုင် ၊ မေ ၃
သတ်မှတ်ကာလပြည့်လို့ တာဝန်းထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အလုပ်အကိုင်ဖန်တီးပေးမယ်လို့ စစ်တပ်က မက်လုံးပေးနေပေမယ့် အပတ်စဉ် ၁ မှာတင် အိမ်ပြန်မလာနိုင်သူ ထောင်ချီရှိနေတယ်လို့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့မှာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ ကို တိုင်းနဲ့ပြည်နယ်တွေမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုအခါမှာ သတ်မှတ်ကာလ နှစ်နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။
မြန်မာ့ကာကွယ်ရေးနဲ့လုံခြုံရေးရာ အင်စတီကျု MDSI ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ မှာ တပ်အင်အား ၅၁၀၀ ကျော်ရှိပေမယ့် စစ်တပ်က ဖော်ပြထားတဲ့ နေရပ်ပြန်လာနိုင်သူ အရေအတွက်ဟာ ၂၀၀၀ ဝန်းကျင်သာရှိတာကြောင့် ကျန်ရှိတဲ့ လူငယ် ၃၀၀၀ ဟာ စာရင်းပျောက်နေတာပါ။
ဒါဟာ အပတ်စဉ် ၁ မှာတင် ပျောက်ဆုံးနေတဲ့ အရေအတွက်ဖြစ်ပြီး လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၂၀ ကျော်လာချိန်မှာ အိမ်မပြန်နိုင်တော့တဲ့ အရေအတွက်ဟာ ငါးသောင်းကနေ ခြောက်သောင်းဝန်းကျင်လောက် ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
စစ်တပ်ထဲမှာ အမြဲတမ်း စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်သူတွေ အနည်းအကျဉ်း ဆက်ရှိနိုင်သလို စစ်မှုထမ်းကာလ လျှော့ပေါ့ ခွင့်ပြုတာနဲ့ စစ်မြေပြင်မှာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်သွားလို့ နုတ်ထွက်ခွင့်ရသူတွေလည်း ရှိနိုင်တယ်လို့ MDSI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
ဒါကြောင့် စစ်မှုထမ်း အပတ်စဉ် ၁ ကာလတွေအတွင်း စစ်တပ်မှာလည်း အင်အားချိနဲ့နေတာမို့ တပ်သားသစ်တွေကို ရှေ့တန်းပို့ခဲ့တာကြောင့် တိုက်ပွဲမှာ ထိခိုက်ဆုံးရှုံးခဲ့သူတွေ အများဆုံးဖြစ်မယ်လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလူတွေ ဖြစ်နိုင်ခြေများတာကတော့ စစ်မှုထမ်းအပတ်စဉ် ၁ ကာလက တိုက်ပွဲအမြင့်ဆုံး ကာလဖြစ်တယ်။ စစ်တပ်မှာလည်း အင်အားချိနဲ့နေတော့ ဒီလူတွေ အများစုကို တိုက်ခိုက်ရေးအင်အားတွေ ရှေ့တန်း စစ်မြေပြင်အင်အားတွေမှာပဲ ပို့ဆောင်အသုံးပြုခဲ့တာဖြစ်တော့ တိုက်ပွဲမှာ ထိခိုက်ဆုံးရှုံးခဲ့သူတွေက အများဆုံးဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒီကာလ ၂၀၂၄ ခုနှစ် ၈ လပိုင်း ၉ လပိုင်း တိုက်ပွဲပြင်းထန်တဲ့ ကာလမှာ ထိခိုက်ကျဆုံးမှုမှာလည်း ပစ ပြည်သူ့စစ်မှုထမ်း တပ်သားတွေ အပတ်စဉ် ၁ ၊ ၂ ၊ ၃ ဒီအစောပိုင်းကာလ အများအပြား ပါဝင်တာကို ကျွန်တော်တို့ တွေ့ရတယ်”လို့ ဆိုပါတယ်။
စစ်တပ် ထုတ်ပြန်ထားတဲ့ ဓာတ်ပုံနဲ့ မှတ်တမ်းပုံတွေအရ စစ်မှုထမ်း သက်တမ်းပြည့်မြောက်လို့ အိမ်ပြန်လာနိုင်သူတွေထဲက တစ်ဝက်ဟာ တိုက်ခိုက်ရေးတပ်သားတွေ ဖြစ်ကြပြီး ကျန်တစ်ဝက်ကတော့ လက်ရုံးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေလို့ ကိုနောင်ရိုးက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ စစ်မှုထမ်း အပတ်စဉ် ၂၄ အထိ သင်တန်းဖွင့်လှစ်ထားပြီး သင်တန်းဆင်းပြီးတဲ့ တပ်သားတွေကိုတော့ တိုင်းနဲ့ ပြည်နယ်အလိုက် စစ်တပ်အခြေစိုက် ရှေ့တန်းနဲ့ နောက်တန်းစခန်းတွေမှာ သက်တမ်း ၂ နှစ် တာဝန်ထမ်းဆောင်ကြရတာပါ။
ဒါပေမယ့် အလင်းဝင်လာသူ၊ အဖမ်းခံရသူ စစ်မှုထမ်းတပ်သားတွေရဲ့ ဝန်ခံပြောကြားချက်တွေအရ အပတ်စဉ် တစ်ခုစီတိုင်းမှာ အဓမ္မဖမ်းဆီးပို့ဆောင်ခံရသူတွေရဲ့ ပမာဏဟာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ MDSI က လေ့လာသုံးသပ်ပြီး ခန့်မှန်းထားတာပါ။
ဒါကြောင့် စစ်မှုထမ်းအများစုဟာ ထွက်ပြေးတာနဲ့ အလင်းဝင်တာ ရှိသလို စစ်မြေပြင်မှာ သေဆုံးတာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ၊ ဒဏ်ရာရတာနဲ့ ပျောက်ဆုံးတာ စတာတွေကြောင့် နေရပ်ပြန်မလာနိုင်တာလို့ CDM တပ်အရာရှိတွေက သုံးသပ်ကြပါတယ်။
တစ်ဘက်မှာ တာဝန်ထမ်းဆောင်ပြီးတဲ့ စစ်မှုထမ်းတွေကို နုတ်ထွက်ခွင့်ပြုပြီး အစိုးရနဲ့ ပုဂ္ဂလိက အပါအဝင် ပြည်ပမှာပါ အလုပ်အကိုင်ရရှိဖို့ ဖန်တီးပေးမယ်လို့ ဦးမင်းအောင်လှိုင်က တပ်ချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတွေအတွင်း ထုတ်ပြောထားတာပါ။
ဒီအခြေအနေမှာ ပြန်လာနိုင်သူတွေထဲက စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကိုသာ ဟန်ပြအဖြစ် ပြည်တွင်းရော ပြည်ပမှာပါ အလုပ်အကိုင်ပေးနေတယ်ဆိုပြီး ဝါဒဖြန့်လိမ့်မယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့တွေနဲ့ လက်သင့်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းလောက်ကိုတော့ ဟန်ပြ နိုင်ငံခြားကို ၂၀၀ လောက် ပြည်တွင်းအလုပ်အကိုင်တွေမှာ ၂၀၀ လောက်ပေါ့။ ဒီလိုမျိုး ဟန်ပြတော့ သေချာပေါက် လုပ်လာလိမ့်မယ်။ ဒါပေမယ့် တော်တော်များများကတော့ မရတာများမှာပေါ့။ ဒါပေမယ့် သူတို့ရဲ့ ဝါဒဖြန့်ချိရေးတွေမှာတော့ ရနေတဲ့ ပုံစံမျိုးတွေ ဝေဝေဆာဆာ လုပ်လာလိမ့်မယ်။ ဒါမှသာ အခုလက်ရှိ ဆက်ပြီးတော့ တိုက်နေကြတဲ့ လူသစ်စစ်သားတွေ မင်းတို့ မသေရင် အဆင်ပြေမယ်ပေါ့။ ဒီ Mindset ကို သူတို့ရိုက်သွင်းပြီးခါမှ အခု တိုက်စစ်မြှင့်နိုင်တဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီတော့ အနည်းအကျဉ်းကတော့ ဟန်ဆောင်ပန်ဆောင် လုပ်ကို လုပ်ပြမယ်”လို့ ဆိုပါတယ်။
သတ်မှတ်ကာလ ပြည့်ပြီးတဲ့ စစ်မှုထမ်းတွေအတွက် တာဝန်ထမ်းဆောင်ပြီးကြောင်း အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်သူတွေကို နွေဦးတော်လှန်ရေးနဲ့ ပြည်သူတွေကြား သွေးခွဲသပ်သျှိုမယ့် လက်နက်အဖြစ် အသုံးချလာမယ့် အနေအထားရှိတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ စစ်ရေးမှာလည်း စစ်မှုထမ်းတပ်သားတွေရဲ့ တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်လို့ အသက်မသေရင် စစ်တပ်ကနေ နုတ်ထွက်ခွင့် ရမှာဖြစ်သလို အလုပ်အကိုင်လည်း ရနိုင်တယ်ဆိုတဲ့ မက်လုံးတွေကြောင့် တိုက်စွမ်းအားတွေ မြင့်နေတာလို့ ထောက်ပြပါတယ်။
စစ်ကောင်စီလက်ထက် ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်နေ့မှာ စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းထားပြီး ကာကွယ်ရေးဝန်ကြီးက ဥက္ကဌ၊ အလုပ်သမားဝန်ကြီးကတော့ ဒုဥက္ကဌ ၁ အဖြစ် တာဝန်ပေးထားတာပါ။
ကော်မတီရဲ့ လုပ်ငန်းတာဝန်မှာ အမြဲတမ်းစစ်မှုထမ်းတွေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကို နုတ်ထွက်ခွင့်ပြုချိန်မှာ ပြန်လည်နေရာချထားမှု ခံယူလိုသူတွေကို သူတို့ ဆန္ဒပြုတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအလိုက် သင်တန်းပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ပြန်လည်နေရာချထားမှု ခံယူလိုတဲ့ အမြဲတမ်းစစ်မှုထမ်းနဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းနဲ့ ပြည်ပ အလုပ်သမားကတ်တွေ ထုတ်ပေးရမှာဖြစ်ပြီး ပြည်ပ အလုပ်အကိုင်ရရှိဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပေးသွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

