ရေဖြူ၊ ဇူလိုင် ၁
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ လူငယ် သုံးဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ကံပေါက်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်က လူငယ် သုံးဦးကို စစ်မှုထမ်း လာရောက် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ကံပေါက်ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် လူငယ် တစ်ဦးဟာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ဇွန် ၂၈ ရက်နေ့မှာ သေဆုံးသွားပါတယ်။
ကျန်တဲ့ လူငယ် နှစ်ဦးကို အာဏာသိမ်း စစ်တပ်က မောရဝတီရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးထားပြီး ဇွန် ၃၀ ရက်နေ့အထိ ပြန်လွှတ်မပေးသေးသလို မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မပေးဘူးလို့ ဆိုပါတယ်။
စစ်တပ်ဘက်ကတော့ အဲဒီလူငယ် သုံးဦးဟာ မူးယစ်ဆေးဝါးသုံးလို့ လာရောက်ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် ပစ်ခတ်လိုက်ရတာ ဖြစ်တယ်လို့ သတင်းလွှင့်ထားပါတယ်။
ရေဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ ဒေသတွင်းရှိ လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေသလို လူငယ်တချို့ကိုတော့ နေအိမ်အထိ ဝင်ဖမ်းပြီး စစ်သားစုဆောင်းနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

