ဘားအံ၊ ဇူလိုင် ၁
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့ အာဏာသိမ်းစစ်တပ်က အဲဒီလမ်းပိုင်းအတွင်း သွားလာနေတဲ့ ခရီးသွားလူငယ်တွေအပေါ် ပစ်မှတ်ထားပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီလပိုင်းအတွင်းမှာ မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းပိုင်းက စစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးတွဲလုံခြုံရေးယူထားတဲ့ ဂျိုင်းတံတားအနီး ကျားကလေးစစ်ဆေးရေးဂိတ်အပါအဝင် လမ်းပိုင်းက နေရာတချို့မှာ သွားလာနေတဲ့ ခရီးသွားကားတွေကို ရှောင်တခင် ရှာဖွေစစ်ဆေးမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေခဲ့တာပါ။
အထူးသဖြင့် ခရီးသည်ယာဉ်လိုင်းတွေကို ပစ်မှတ်ထားပြီး စစ်တပ်က ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကာ ရပ်ဝေးကနေ နယ်စပ်မြို့ မြဝတီကို အလုပ်လာလုပ်မယ့် လူငယ်တွေအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ဆိုပါတယ်။
အဲဒီဒေသတွင်းသတင်းရင်းမြစ်တချို့ရဲ့ အဆိုအရ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူငယ်တွေကို ငွေကြေးနဲ့ ပြန်ရွေးယူလို့မရဘဲ စစ်မှုထမ်းအတွက် ခေါ်ဆောင်သွားတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေခဲ့တာပါ။
ဒီလို လူငယ်တွေအပေါ် စစ်တပ်က ဖမ်းဆီးတဲ့သတင်းတွေကြောင့် ဒေသခံလူငယ်ပိုင်းတွေကတော့ မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းပိုင်းမှာ သွားလာကြဖို့ စိုးရိမ်မှုတွေဖြစ်ပေါ်လာခဲ့ကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းပိုင်း ပြန်လည်ဖွင့်လိုက်ပြီးနောက် စစ်ဆေးရေးဂိတ်အများအပြား တိုးမြှင့်ချထားသလို ထိုင်းကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ယာဉ်တွေအပေါ် ငွေကြေးအဆမတန်တောင်းယူတာတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

