မော်လမြိုင် ၊ ဇူလိုင် ၁
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း ဒီမိုကရေစီရဲ့ စံနှုန်းတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်ထားဆီးနေဆဲ ဖြစ်ပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က သူတို့အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းနေတယ်လို့ ပြောပေမယ့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တင်းကျပ်ထားသလို ဝေဖန်မှုတွေကိုလည်း စောင့်ကြည့်အရေးယူနေတာပါ။
နိုင်ငံတည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ကို ပျက်ပြားအောင် ရည်ရွယ်လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ လုပ်ငန်းလိုင်စင်တွေကို ပိတ်သိမ်းတာနဲ့ အွန်လိုင်းကနေ ဝေဖန်ရေးသားသူတွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ပထမပတ်အတွင်း ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ လရောင်အောက်က ကုမုဒြာ သီချင်း အပါအဝင် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ထားတဲ့ ဒေါက်တာခိုင်ခိုင်စိုးနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ရေးသားသူ အမျိုးသမီးနှစ်ဦးကို စစ်အစိုးရက ဖမ်းဆီးအရေးယူခဲ့ပါတယ်။
မြန်မာအင်တာနက် ပရောဂျက် MIP အဖွဲ့က ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က ဒီလိုမျိုးလုပ်ရပ်တွေဟာ ဒီမိုကရေစီ အယောင်ဆောင်ထားတဲ့ အာဏာရှင်စနစ်ထက် မပိုဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မပေးဘူး။ ဒီလိုဝေဖန်ပိုင်းခြားဆန်းစစ်တဲ့ ပြည်သူ့အသံကို နားမထောင်ဘူးဆိုတဲ့ဟာက ဒီမိုကရေစီကျင့်သုံးပါတယ်ဆိုတဲ့ လူတွေရဲ့ နည်းလမ်းမဟုတ်ဘူး၊ လုပ်ရပ် မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီဟာက ဘယ်လိုပဲ ပြောနေပြောနေ ဒီမိုကရေစီအယောင်ဆောင်ထားတဲ့ အတုအယောင်အခြေအနေတစ်ခုလို့ပဲ ကျွန်တော်တို့ ပြောနိုင်တယ်။ ဒါ ထင်ထင်ရှားရှားကြီး ရှိနေပါတယ်။ ပြောရလို့ရှိရင် ဒါဟာ ဒီမိုကရေစီအမည်ခံထားတဲ့ အာဏာရှင်စနစ်တစ်ခုပါပဲ။ အဲဒီထက် မပိုပါဘူး”လို့ ဆိုပါတယ်။
ဇွန် ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ နှင်းဆီပန်းပန်တာနဲ့ ပန်းအိုးထိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသွင်ပြောင်းစစ်အစိုးရက ပြည်သူအယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပါသေးတယ်။
စစ်အစိုးရခန့် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဆိုရှယ်မီဒီယာမှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ၂၄ နာရီ စောင့်ကြည့်ပြီး အရေးယူနေတယ်လို့ ဇွန် ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ လူပေါင်း တစ်သောင်းကျော်ကို အရေးယူထားသလို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ လူပေါင်း ၁၈၀၀ ကျော်ကိုလည်း အရေးယူထားကြောင်း သူက ဖြေကြားထားတာပါ။
မွန်ဒေသခံပြည်သူတစ်ဦးကတော့ ဆိုရှယ်မီဒီယာမှာ ဝေဖန်ရေးသားချက်တွေကို like ပေးရုံနဲ့ ဖမ်းဆီးအရေးယူနေတာဟာ မလုပ်သင့်တဲ့ ကိစ္စလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့်ဆိုတာကတော့ ဒီမိုကရေစီနိုင်ငံတွေ ကျင့်သုံးတဲ့ဟာပေါ့ဗျာ။အခုဟာက သူက အာဏာသိမ်းထားတဲ့သူဆိုတော့ လွတ်လပ်စွာ ပြောဆိုခွင့်ရေးသားခွင့်ဆိုတာက ပြောစရာ စကားကို မရှိတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုရှယ်မီဒီယာမှာက like လေးပေးတာတောင် ဖမ်းတယ်ဆိုတဲ့ ကိစ္စက ဒါက အာဏာသိမ်းတဲ့သူပဲ ဖြစ်ဖြစ် ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ် မလုပ်သင့်တဲ့ ကိစ္စတွေပါ။ ဆိုတော့ ကျွန်တော်တို့က လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့်ဆိုတာက အာဏာသိမ်းတဲ့ ကောင်တွေနဲ့ ကိုက်ကို မကိုက်ညီတာပေါ့။ ဒီကောင်တွေ (အာဏာသိမ်း စစ်အုပ်စု) ပြောစရာအကြောင်းကို မရှိဘူးဖြစ်နေတာပါ”လို့ ဆိုပါတယ်။
Data For Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာအထိ လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ပြောဆိုရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူ နှစ်ထောင်နီးပါး ရှိတယ်လို့ သိရပါတယ်။
တစ်ဘက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ၂၀၂၆ ခုနှစ် မေလအထိ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာဌာန ၂၃ ခုနဲ့ စာနယ်ဇင်း၊ပုံနှိပ်တိုက် ၁၂ ခု လိုင်စင်ပိတ်သိမ်းခံထားရတယ်လို့ အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
ဒါဟာ အတုအယောင် ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရသစ်ရဲ့ ပထမဆုံး အစိုးရသက်တမ်း ရက် ၅၀ မပြည့်မီ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ သတင်းလုပ်ငန်းလိုင်စင် ၉၇ ခုအထိ ပိတ်သိမ်းထားကြောင်း စစ်အစိုးရရဲ့ ပြန်ကြားရေဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ထဲက မြန်မာနိုင်ငံဟာ အခုနှစ်မှာ အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး အလွန်ဆိုးဝါးတဲ့ အခြေအနေအဖြစ် အနီရောင်အဆင့် ဆက်လက်သတ်မှတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

