ကျိုက်ထို၊ ဇွန် ၃၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ဆင်တွင်းရွာမှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က ကျိုက်ထိုအခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ရာမှ ဆင်တွင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆင်တွင်းရွာနေ အသက် ၆၀ အရွယ် ဒေါ်မြစိန်ဟာ ခြေထောက်မှာ လက်နက်ကြီးကျည်အစ ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဆင်တွင်းရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင် အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဆင်တွင်းကျေးရွာကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံး နှစ်လုံး ကြဲချသွားတာကြောင့် ဆိုင်ကယ် ကယ်ရီသမား တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒူးရင်းပင်၊ ကွမ်းပင်နဲ့ ရော်ဘာပင် ၄၀ နီးပါး ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အခုလအတွင်း ကျိုက်ထိုမြို့နယ်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

