ဘီးလင်း၊ ဇွန် ၃၀
မွန်ပြည်နယ်မှာ အခုလအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ဇွန် ၂၆ နေ့အထိ မွန်ပြည်နယ်မှာ စစ်တပ် လက်ချက်ကြောင့် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦး ပါဝင်ပြီး သေဆုံးသူတွေထဲက ၉ ဦးဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပဏ္ဍိကုန်းကျေးရွာနေ ဒေါ်ဇင်မာစိုးနဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီကာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့တာကို သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၈၁၂၉ ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

