ရေး၊ မေ ၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာကနေ အာဏာသိမ်းစစ်တပ်ဖမ်းသွားတဲ့ ကျေးရွာလူမှု ကယ်ဆယ်ရေးအသင်းဥက္ကဌကို စစ်တပ်က အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ထားလို့ တရားရင်ဆိုင်နေရတယ်လို့ ရွာခံတွေထံက သိရပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အသင်းဥက္ကဌဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုဝင်းမြင့်ဦးကို ရေးမြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ညနဲ့ ဖမ်းဆီးအမှုဖွင့်ထားပြီး ရေးခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ ရွာခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိသားစုဝင်တွေကတော့ ကိုဝင်းမြင့်ဦးကို ရုံးထုတ်ချိန်ကလွဲလို့ ကျန်အချိန်တွေမှာ တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။ ကိုဝင်းမြင့်ဦးကို လက်ရှိ ရေးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ နှစ်ကရင်ကျေးရွာရှိ ကိုဝင်းမြင့်ဦးရဲ့နေအိမ်ကို စစ်ကော်မရှင်အဖွဲ့တွေက အင်အား အများအပြားနဲ့ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာပါ။

ကိုဝင်းမြင့်ဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး အသင်းကလည်း လူမှုကူညီရေးလုပ်ငန်းစဉ်တွေကို ယာယီ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.