မော်လမြိုင်၊ မေ ၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နဲ့ရေးမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးတယ်လို့ မေ ၁ ရက်နေ့မှာ ရာမညမွန်တပ်တော် RMA က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့မှာ ခလရ ၁၀၆ ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ဟာ ကနင်ကမော့ကျေးရွာအနီး အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ခဲ့ရပြီး ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဧပြီ ၂၉ ရက်နေ့မှာလည်း မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာနဲ့နှီးပဒေါကျေးရွာကြား ကင်းလှည့်နေတဲ့ စစ်တပ်ကိုဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးထိမှန်လို့ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို ရာမညမွန်တပ်တော် RMA တပ်ရင်း (၉၀၁)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း (၂၇)၊ နဲ့ ရေးပြောက်ကျား(YGF) အမှတ် (၈၀၀၁)တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၇ ရက်နေ့ကလည်း ရေးမြို့နယ် အောင်သာယာကျေးရွာတောင်ဘက် ရော်ဘာတောထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းထိလို့ ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.