ကျောက်ကြီး၊ မေ ၂
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် လယ်မူသောကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ လယ်မူသောကျေးရွာကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ငါးကြိမ်တိုင် လာရောက်ဗုံးကြဲသွားတာ ဖြစ်ပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် နော်အယ်တူလိုမူး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ငါးဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုအတွင်း အရပ်သား နေအိမ် လေးလုံး၊ ကားတစ်စီးနဲ့ ကျေးလက်ဆေးခန်း လူနာဆောင် နှစ်ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းအတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ပိုများလာတာ ဖြစ်ပါတယ်။
KNU ဗဟိုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အစိုးရကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ဆောင်ပေးဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်နိုင်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

