မော်လမြိုင်၊ မေ ၂
အာဏာသိမ်း စစ်အစိုးရဲ့ လွတ်ငြိမ်းဟာ နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးပမ်းမှုသာ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အများစု သံတိုင်နောက်မှာ ဆက်ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောပါတယ်။
မေ ၁ ရက်နေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် စစ်အစိုးရက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမှုအပေါ် PPNM က ကြေညာထုတ်ပြန်လာတာပါ။
PPNM ကတော့ စစ်အစိုးရရဲ့ လွတ်ငြိမ်းစာရင်းအရ အကျဉ်းသား ၁၅၀၈ ဦးမှာ နိုင်ငံရေးအကျဉ်းသား လေးဦးသာ ပါဝင်မှုဟာ စစ်အုပ်စုရဲ့ လွတ်ငြိမ်းခွင့်မှာ လုပ်ရပ်မှန်ကန်မှု မရှိကြောင်း မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အစိုးရရဲ့ လွတ်ငြိမ်းဟာ ပြည်သူလူထု အာရုံစိုက်မှုကို လွှဲပြောင်းဖိုနဲ့ နိုင်ငံရေးဖိအားတွေကို လျှော့ချဖို့အတွက် ရည်ရွယ်တဲ့ ဟန်ပြစာရင်းသာ ဖြစ်ပြီး ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အသိပေးထားပါတယ်။
အာဏာသိမ်း စစ်အစိုးရဟာ ကဆုန်လပြည်နေ့ အထိမ်းအမှတ်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကြေညာထားပါတယ်။
စစ်အစိုးရဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

