နေပြည်တော် ၊ မေ ၂
အကျဉ်းစံဘဝနဲ့ ရက်ပေါင်း ၁၉၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်အစိုးရက ပြန်လွှတ်မပေးဘဲ နိုင်ငံရေး၊သံတမန်ရေး ဓားစာခံအဖြစ် အသုံးချလာနေပါတယ်။
အာဏာသိမ်း စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖွဲ့စည်းလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ နဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာရဲ့ ဖိအားကို ခံနေရတာပါ။
စစ်အစိုးရကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနေချိန်မှာ မြန်မာနိုင်ငံကိုယ်စားပြု အစိုးရတစ်အရပ်အဖြစ် သူတို့ကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ တရားဝင် အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေပါတယ်။
ဒီအခြေအနေမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်ကို လာရောက်ပြီး ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ကာ သတ်မှတ်ထားတဲ့ နေအိမ်မှာ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေ ကျခံစေဖို့ ဖြစ်ပါတယ်။
Burma Campaign UK ကတော့ နာမည်အသစ်နဲ့ အသွင်ပြောင်းထားတဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းထားလိုက်ပြီလို့ ကြေညာတာဟာ လူထုဆက်ဆံရေး PR ထိုးစစ်နဲ့ နိုင်ငံရေးကစားကွက်ကို အသုံးပြုလိုက်တာလို့ သတိပေးထုတ်ပြန်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်လို့ စစ်အုပ်စုအတွက် ဘာမှ မဖြစ်လောက်တဲ့ အချိန်ကျမှသာ အပြည့်အဝ လွှတ်ပေးမယ့် သဘောလို့ သူ့အမြင်ကို ပြောပါတယ်။
“နိုင်ငံရေးအရ ဖိအားလျော့အောင် လျှော့ပေးတဲ့ သဘောလားဆိုတာ ကျွန်တော်တို့ ဒီလိုတော့ သုံးသပ်လို့ ရတယ်။ ကျိန်းသေတာတော့ စစ်အုပ်စုက စေတနာအရ လွှတ်တာ မဟုတ်ဘဲနဲ့ သူတို့ဘက်က ကစားကွက်ပြင်ပြီးသွားပြီ လုံးလုံး လွတ်ဖို့ကျတော့ သူတို့ဘက်မှာ ရှိနေတဲ့ သူတို့ပြင်ထားတဲ့ အကွက်တွေ အကုန်စေ့နေပြီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်လို့ ဘာမှ မဖြစ်လောက်ဘူးလို့ သူတို့ ယူဆတဲ့အချိန်ကျမှသာလျှင် လုံးဝ လွှတ်ပေးမယ့် သဘောရှိတယ်လို့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
စစ်အစိုးရကို ကျားကန်ပေးထားတဲ့ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူ့ရဲ့ အခြေအနေကို အမြဲဂရုစိုက်နေတယ်လို့ ဧပြီ ၃၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆွေးနွေးမှု ရှိ မရှိ AFP သတင်းထောက်က မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
တဆက်တည်းမှာပဲ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ အွန်လိုင်းကနေ လှုံ့ဆော်နေချိန်မှာ စစ်အစိုးရက နိုင်ငံပိုင်ရုပ်သံကနေ ဧပြီ ၃၀ ရက် ညပိုင်းမှာ ဓာတ်ပုံတစ်ပုံနဲ့ သတင်းတစ်ခု ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွပ်စွဲထားတဲ့ ပြစ်မှုတွေနဲ့ ချမှတ်ထားတဲ့ နှစ်ရှည်ထောင်ဒဏ်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတာမဟုတ်ဘဲ ပြစ်ဒဏ်ကျခံရတဲ့ နေရာကို ပြောင်းလဲသတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒါဟာ လုပ်လေ့လုပ်ထရှိတဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်အပေါ် မျက်စိမလည်ဖို့ အရေးကြီးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံတကာအနေနဲ့ဗျာ ဒီစစ်အုပ်စုရဲ့ မျက်လှည့်ပြတာတွေအပေါ် နိုင်ငံရေးလှည့်ကွက်တွေပေါ့။ ဒီဟာတွေအပေါ်မှာ ပိတ်မိမသွားဖို့ မျက်စိလည်မသွားဖို့ အရေးကြီးပါတယ်။ အဲဒီတော့ ဒါက လုပ်လေ့လုပ်ထရှိတဲ့ အခြေအနေဖြစ်တယ်။အခုဆိုရင်လည်း House Arrest House Arrest (နေအိမ်အကျယ်ချုပ်) ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလာတယ်။ဒီဟာလည်း ဟုတ်မနေဘူးဆိုတာကို ကျွန်တော်တို့ကတော့ နိုင်ငံတကာကိုလည်း သတိပေးလိုတယ်”လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမှတ် ၅၄ နေအိမ်ကို ပြန်လည်ရောက်ရှိခြင်းမရှိသလို နှင်းဆီခြံမှာလည်း ရောက်ရှိခြင်း မရှိတဲ့အတွက် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ထားသလဲဆိုတာ အတိအကျ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် ရုပ်သံတွေရဲ့ ကြေညာချက်အရ နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်အစိုးရရဲ့ သမ္မတက ဗုဒ္ဓနေ့ အထိမ်းအမှတ်အရဖြစ်စေ လူသားချင်းစာနာထောက်ထားမှုအရဖြစ်စေ နိုင်ငံတော်က မေတ္တာ စေတနာထားတဲ့အနေနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁ ၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ထားတဲ့ နေအိမ်မှာ ပြစ်ဒဏ်ကျခံဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်နေရာမှာ ရှိတဲ့ ဘယ်အိမ်ကို ပြောင်းရွေ့ပြီး ဘယ်လိုမျိုး ထားရှိသလဲဆိုတာတွေကိုတော့ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိတဲ့အတွက် နေအိမ်အကျယ်ချုပ်အဖြစ် သတ်မှတ်လို့ မရတဲ့ အခြေအနေလို့ ဝေဖန်နေကြတာပါ။
တစ်ဘက်မှာ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် ရှေ့နေအဖွဲ့တွေ မိသားစုဝင်တွေ ပါတီဝင်တွေနဲ့ တွေ့ခွင့် ရှိ မရှိ စတဲ့အချက်တွေကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဦးနေဘုန်းလတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွေ့ရင်တောင်မှာ အစောင့်အကြပ်အပြည့်အစုံနဲ့ ဖြစ်မှာမို့ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးလို့ ထောက်ပြပါတယ်။
“အခြေအနေက တကယ်လို့ နေရာပြောင်းရွေ့တယ်ဆိုရင်တောင်မှ ထောင်ထဲမှာ မဟုတ်ဘဲ တခြားသော ဘယ်နေရာမှန်းမသိတဲ့ နေရာတစ်ခုမှာ အစောင့်အကြပ်အပြည့်အစုံနဲ့ ထောင်တွင်း အကျဉ်းချထားတဲ့ ပုံစံမျိုးပဲဖြစ်တယ်ဆိုတာကိုတော့ အဓိက ပြောလိုပါတယ်။ အခြေအနေက ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးဆိုတာ အတိအကျ ကျွန်တော်တို့ ပြောလိုတယ်”လို့ ဆိုပါတယ်။
ရုပ်သံကနေ ထုတ်ပြထားတဲ့ ဓာတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ ရဲ ယူနီဖောင်းတွေ ဝတ်ထားတဲ့ အရာရှိနှစ်ဦးတို့နဲ့အတူ သုံးပွင့်ဆိုင် ထိုင်နေပေမယ့် ဘယ်အချိန်က ရိုက်ကူးထားသလဲဆိုတာ မဖော်ပြထားတဲ့အတွက် သံသယအမျိုးမျိုး ထွက်ပေါ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း အမေဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်လို့ သားတစ်ယောက်အနေနဲ့ ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ ဆိုပါတယ်။
ဒီအတွက် အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့ အချက်အလက် သူမနဲ့ ဆက်သွယ်နိုင်ခွင့်နဲ့ သူမ လွတ်မြောက်ရေးအတွက် ယုံကြည်ခိုင်မာရတဲ့ သက်သေပြဖို့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ရေးသားတောင်းဆိုထားတာပါ။
မေ ၁ ရက်နေ့မှာ ဖော်ပြထားတဲ့ ရိုက်တာသတင်းဌာနရဲ့ အချက်အလက်တွေအရ စစ်အစိုးရက သတ်မှတ်ထားတဲ့ နေအိမ်မှာ ပြောင်းရွေ့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေအဖွဲ့တွေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ စီစဉ်နေပြီး နေပြည်တော်မှာ ရှိနေဆဲလို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ပါတီဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

