နေပြည်တော် ၊ မေ ၂
အလုပ်သမားတွေအနေနဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်တာထက် ဘဝလုံခြုံမှု ရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်မယ်ဆိုပါက ကြီးပွားတိုးတက်မယ့် အခွင့်အရေး ရှိတယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
မေ ၁ ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ အာဏာသိမ်း သမ္မတက အလုပ်သမားတွေကို အခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ သူတို့ သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံတွေရဲ့ ဥပဒေအောက်မှာသာ နေထိုင်ကြရပြီး အချို့ အလုပ်သမားတွေအနေနဲ့ မတရား ဖိနှိပ်ခံရမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်ပကို သွားရောက် လုပ်ကိုင်မယ့်အစား ပြည်တွင်းမှာသာ အလုပ်လုပ်ကိုင်ကြပြီး နိုင်ငံသားအားလုံး နိုင်ငံတော်ရဲ့ အရိပ်အာဝါသအောက်မှာ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးဖို့ သူက တိုက်တွန်းပါတယ်။
အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးကတော့ ပြည်တွင်းမှာ ကြီးပွားတိုးတက် နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောပေမယ့် လက်တွေ့မှာ လုပ်ခလစာဟာ စားလောက်ယုံတောင် မရှိသလို လုပ်ငန်းခွင်တွေမှာလည်း လုပ်ငန်းရှင်တွေရဲ့ ဥပဒေ ချိုးဖောက်မှုတွေကို အရေးမယူတဲ့အတွက် အလုပ်သမားတွေ ပြည်ပ ထွက်ခွာနေကြတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကကတော့ဗျာ နိုင်ငံခြားကို ဘယ်သူက ထွက်ချင်မှာလဲဗျ။ နိုင်ငံခြားမှာလည်း ဒီအလုပ်ပဲလုပ်ရမှာ။ ကျွန်တော်တို့ဆီက လုပ်ခက စားလောက်ယုံတောင် မရနိုင်တဲ့ လုပ်ခ ဖြစ်တဲ့ အခါကျတော့ ပိုကောင်းတဲ့ လုပ်ခ ဖြစ်မယ့် နေရာကို အခွင့်အလမ်း ဖြစ်တဲ့ နေရာကို ထွက်ကြတာပေါ့။ နောက်တစ်ခါ လုပ်ငန်းခွင် ဆိုင်ရာပေါ့နော်။ ဥပဒေတွေ ရှိရဲ့သားနဲ့ ပုံစံ အမျိုးမျိုးနဲ့ လုပ်ငန်းရှင်တွေဘက်က ချိုးဖောက် လာကြတယ်။ မချိုးဖောက်အောင် အရေးယူ ဆောင်ရွက်ပေး။ အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးရမယ်။ အဲဒီ နှစ်ချက် ဖြစ်လို့ ရှိရင်တော့ အထူးသဖြင့် မထွက်ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အခြေအနေအရ အလုပ်သမားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဝင်ငွေ ထွက်ငွေတွေ မမျှတတဲ့ အတွက် ပြည်ပ ထွက်ခွာမှုတွေ ဆက်ရှိနေမှာ ဖြစ်သလို အလုပ်သမားတွေကို ပြည်ပ မထွက်ခွာ စေချင်ရင် မျှတတဲ့ လုပ်အားခတွေ ရရှိအောင် ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံတွင်းမှာတော့ ပြည်ပ ထွက်ခွာပြီး အလုပ်လုပ်ကိုင်လိုသူအများစုဟာ စစ်အစိုးရရဲ့ စစ်မှုထမ်း ဥပဒေတွေ၊ နိုင်ငံရေး တည်ငြိမ်မှု မရှိတာတွေ၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေတာ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပါတယ်။
အခုလို အကျပ်အတည်းတွေကြောင့် ပြည်ပ ထွက်ခွာလိုသူတွေဟာ တရားဝင် လမ်းကြောင်းတွေကတဆင့် နီးစပ်ရာ နိုင်ငံတွေကို သွားရောက်တာ ရှိသလို တချို့ တရားမဝင် လမ်းကြောင်းတွေကတဆင့် သွားရောက်တဲ့အတွက် ဖမ်းဆီး ခံရမှုတွေလည်း ရှိနေတာပါ။
ဒါ့အပြင် ပြည်ပကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်သူတချို့ ဟာဆိုရင်လည်း ပွဲစားတွေရဲ့ ငွေကြေးလိမ်လည် ခံရတာ၊ လူကုန်ကူးခံရတာ၊ ရောင်းစားခံရတာတွေအပြင် လုပ်အားခ ခေါင်းပုံဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ အလုပ်သမား အရေးကူညီနေသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှု အပါအဝင် စစ်မှုထမ်း ဥပဒေတွေကြောင့် လူငယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု ဆက်လက်မြင့်တက်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

