ဘီးလင်း၊ မေ ၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေနဲ့ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကော်မရှပ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လနီးပါးကာလတွင်း ဝင်းတာပန်၊ ဝင်းတာပန်အထက်၊ မြစ်ကျိုး၊ လေးကေ၊ ကျောက်ဖျာကျေးရွာတို့ကို နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးကေကျေးရွာဟာ နေအိမ် ၁၀၀ ကျော်နဲ့ အများဆုံး ပျက်စီးဆုံးရှုံးထားပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဧပြီ ၁၂ ရက်နေ့မှာ လေးကေစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်းတာပန်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတာပါ။

စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အချိန်တစ်နီးပါးကြာမြင့်လာတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ပိုများလာပြီး စစ်ကော်မရှင်တပ်ကလည်း စခန်းမကျရေးအတွက် စစ်ကူစစ်ကြောင်းတွေအပါအဝင် လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.