ကော့ကရိတ်၊ မေ ၁

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ ဒေသခံတွေအပါအဝင် KNU ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အာဏာသိမ်း စစ်အစိုးရဟာ KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၆ အပြင် တပ်မဟာ ၁ ဝင်းတာပန်ရွာ၊ တပ်မဟာ ၂ သံတောင်မြောက်ပိုင်းဒေသ၊ တပ်မဟာ ၃ ၊ တပ်မဟာ ၄ ၊ တပ်မဟာ ၅ က ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း KNU တပ်မဟာ ၆ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ဖန်ခါးကုန်းရွာဘက်ခြမ်းကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ဆီက သိရပါတယ်။

အဲဒီနေ့မှာပဲ KNU တပ်မဟာ ၆ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးက မက္ကသာကျေးရွာ ခဲမိုင်းလုပ်ငန်းခွင်ထဲကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတချို့ သေဆုံးသွားပြီး ၁၀ ဦးကျော် ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်နားက မက္ကသာရွာအနီးဝန်းကျင်မှာ KNU က လုပ်ကွက်ချထားပေးတဲ့ ခဲမိုင်းလုပ်ငန်းခွင်တွေရှိကြပြီး ခဲမိုင်းလုပ်ကွက် ၂ နဲ့ လုပ်ကွက် ၅ တို့ကို စစ်တပ်က ဧပြီ ၂၉ ရက်နေ့က မွန်းလွဲ ၂ နာရီမှာတစ်ကြိမ်၊ ညနေ ၅ နာရီခန့်မှာတစ်ကြိမ် စုစုပေါင်း ၂ ကြိမ် လာရောက်ကြဲချသွားခဲ့တာပါ။

မက္ကသာရွာအနီးက ခဲမိုင်းလုပ်ငန်းခွင်တွေမှာ တရုတ်ကုမ္ပဏီတွေ လာရောက်လုပ်ကိုင်နေကြပြီး ခဲမိုင်းအလုပ်သမားအများစုကတော့ ပြည်တွင်းက လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ ဖြစ်ကြတယ်လို့ မက္ကသာဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် KNU အုပ်ချုပ်နယ်မြေက ဒေသခံ နေအိမ် ရာနဲ့ချီ ထိမှန်ပျက်စီးထားပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU ဗဟိုကတော့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ စစ်အစိုးရဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုကာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသတာထက်ပိုတဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ ထိရောက်တဲ့ တာဆီးကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.