ဘီးလင်း၊ မေ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-ရွှေလှေလမ်းပိုင်းမှာ လူငယ် ၂၃ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး တပ်နဲ့ရဲက တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ တောင်းခံနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်၊ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ ညပိုင်းတွေမှာ ရွှေလှေနဲ့နှင်းပုလဲရွာကြားမှာ ပြုလုပ်နေတဲ့ အာဝါဒေးဝိုင်းကနေ ပြန်လာတဲ့ လူငယ်တွေကို စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။

မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ အာဝါဒေးဝိုင်းက ပြန်လာတဲ့ လူငယ်တွေအား စစ်ဆေးမေးမြန်းတာမရှိဘဲ ချက်ချင်း ကားပေါ်တွေကို အတင်းဆွဲတင်သွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေက အသက် ၁၈ နှစ်ကနေ ၃၀ ကြားအရွယ်တွေ ဖြစ်ပြီး နှင်းပုလဲ၊ ရွှေလှေ၊ သစ်တိုကျွန်း၊ ကျုံကမိစု၊ ကော့ကမယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်တွေက လူငယ် ၂၃ ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဘီးလင်းမြို့ရဲစခန်း၊ ဘီးလင်းအခြေစိုက် အမှတ် ၈ ခြေလျင်တပ်ရင်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ တောင်းခံနေတာပါ။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ ငွေကြေးတက်နိုင်တဲ့ မိသားစုတွေထဲက လူငယ် ၅ ဦးသာ ပြန်လွတ်လာပြီး ကျန်လူငယ်တွေကို ဆက်လက်ဖမ်းဆီးထားပါတယ်။

ဆက်လက်ဖမ်းဆီးခံရတဲ့ လူငယ်တွေကို အခုရက်ပိုင်းအတွင်း နယ်မြေခံ စစ်သားစုဆောင်းရေးတပ်နဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ်တွေထံ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၄ အထိ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.