နေပြည်တော် ၊ အောက်တိုဘာ ၂၂
လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပိုမိုပါဝင်လာအောင် နိုင်ငံရေးပါတီများအစုအဖွဲ့ကို ကြားဝင်စေ့စပ်ဆောင်ရွက်ဖို့ စစ်အစိုးရက ကြိုးပမ်းလာပါတယ်။
အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူထုတွေ ပါဝင်လာအောင် စည်းရုံးဖို့ မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖို့နဲ့ နေရပ်စွန့်ခွာသူတွေကို အကူအညီတွေ ပေးအပ်နိုင်ရေးအပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
လေ့လာသူတွေကတော့ စစ်အစိုးရရဲ့ ပေးထားချက်မူဘောင်အောက်ကနေ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးနိုင်ဖို့ နိုင်ငံရေးပါတီတွေကနေတဆင့် ပြည်သူလူထုကို စည်းရုံးခိုင်းတာလို့ ထောက်ပြပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးပါတီများအစုအဖွဲ့ကို အမြဲတမ်းအလုပ်အဖွဲ့နဲ့ အလှည့်ကျကိုယ်စားလှယ်အဖြစ် ၁၆ ဦးစီ ရွေးချယ်ပြီး စုဖွဲ့မှုပုံစံအသစ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်အတွင်း စုဖွဲ့ထားတာပါ။
နိုင်ငံရေးပါတီများအစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးအတွက် ကြားဝင်စေ့စပ်ဆောင်ရွက်ရာမှာ ပါတီအစုအဖွဲ့ကနေ လုပ်ဆောင်သွားမယ့် အစီအစဉ်ကို အချင်းချင်းညှိနှိုင်းပြီး NSPNC ကို တင်ပြသွားဖို့ ဖြစ်ပါတယ်။
ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ဒေသတည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်သဘောထားတွေကို ဆန်းစစ်ကောက်ယူသွားဖို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပြီး အစိုးရနဲ့ ပြည်သူအကြား လူမှုသဟဇာတ ဖြစ်ပေါ်စေရေးအစီအမံတွေ ချမှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြည်ပက အာရုံစိုက်လာအောင် စိတ်ကူးယဉ် ဇာတ်ညွန်းတွေနဲ့ ဇာတ်ကောင်တွေ ရွေးတဲ့ အဆင့်ထက် မပိုဘဲ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“အဲဒါကတော့ ဘာလဲဆို စိတ်ကူးယဉ်ပြဇာတ်တစ်ခုကို ကနေတာပေါ့။ ကိုယ့်ဘာသာကို ဇာတ်ညွန်းရေးပြီး ကိုယ့်ဘာသာကို ဇာတ်ကောင်ရွေးပြီး စိတ်ကူးယဉ်ပြဇာတ်တစ်ခုကို ကနေတဲ့အဆင့်ပါပဲ။ အဲဒီထက် မပိုပါဘူး၊ တကယ့်လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာတွေကို ပြည်တွင်းပြည်ပကြားကောင်းအောင်ဆိုပြီးတော့ ခပ်ညံ့ညံ့လူတွေနဲ့ အထူးသဖြင့် ပြည်ပက သိတဲ့အတိုင်း ကိုယ့်တိုင်းပြည်အကြောင်းပဲ ကိုယ်စိတ်ဝင်စားတာ။ ကျန်တဲ့ဟာတွေကတော့ အရန်လောက်ပဲ စိတ်ဝင်စားတာလေ။ အဲဒီလို ရည်ရွယ်ပုံရပါတယ်”လို့ ဆိုပါတယ်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားစေတဲ့ အကြောင်းရင်းတွေကို သုတေသနပြုဖော်ထုတ်ပြီး နိုင်ငံရေးပါတီတွေရဲ့ ကွန်ရက်ကို အသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးမှာ ပိုမိုပါဝင်လာအောင် လုပ်ဆောင်ဖို့ ပြောပါတယ်။
ဘာသာပေါင်းစုံကွဲပြားနေတဲ့ ပြည်သူတွေကို နိုင်ငံရေးပါတီတွေက ပေါင်းစည်းပေးစေလိုပြီး လူမှုသဟဇာတဖြစ်ရေးကို လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုအတွင်း ပြောကြားထားတာပါ။
အလုပ်အဖွဲ့အနေနဲ့ နေရပ်စွန့်ခွာသူတွေကို ကူညီပေးနိုင်ရေး လှုပ်ရှားမှုတွေကို သီးခြားဖွဲ့စည်းနိုင်ပြီး နေရပ်ပြန်မယ့်သူတွေအတွက် ရေရှည်အသက်မွေးဝမ်းကျောင်းဆိုင်ရာ မူဝါဒတွေ ဆွေးနွေးဖို့နဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ ပေါင်းစပ်ကူညီပေးစေလိုတယ်လို့ ဆိုပါတယ်။
မီဒီယာကို အသုံးချလို့ အစိုးရနဲ့ ပြည်သူ၊ စစ်တပ်နဲ့ ပြည်သူ၊ ပြည်သူနဲ့ ပြည်သူအကြား အမြင်ကွဲပြားအောင် လုပ်ဆောင်နေကြပြီး နိုင်ငံရေးပါတီတွေဟာ ပြည်သူလူထုကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်လို့ အတူတကွ လက်တွဲပူးပေါင်းသွားကြစေလိုတယ်လို့ သူက ပြောကြားခဲ့တာပါ။
နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးကလည်း နိုင်ငံရေးပါတီတွေက မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုမိုပါဝင်ရေး ကြိုးပမ်းသွားကြမယ်လို့ ဆိုပါတယ်။
၂၀၂၁ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် အလွှာပေါင်းစုံက ပြည်သူတွေဟာ နည်းမျိုးစုံ ဆန့်ကျင်တွန်းလှန်ခဲ့ကြပြီး ဒီကနေ့တိုင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးကို လိုလားနေကြတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို မလွှဲမရှောင်သာ ရွေးချယ်လာခဲ့ကြပြီး စနစ်ပြောင်းတော်လှန်ရေးကို ဦးတည်လျှောက်လှမ်းလာခဲ့ကြတာပါ။
ဒီအခြေအနေဟာ လူထုကနေ စစ်အာဏာသိမ်းမှုကို မလိုလားလို့ ဖြစ်လာတဲ့အတွက် ပြည်သူထောက်ခံတဲ့ သူတွေကို လွှတ်ပေးမှသာ ငြိမ်းချမ်းရေးစကားပြောဖို့ အဆင်ပြေမယ်လို့ ပြည်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
“အခုကျမှ ငြိမ်းချမ်းရေးဆိုတဲ့အခါကျတော့ အမှန်တကယ်ဆိုရင် ပြည်သူတွေကို ပါစေချင်ရင်တော့ ပြည်သူလူထုထောက်ခံတဲ့ အများထောက်ခံတဲ့ ပြည်သူ့ခေါင်းဆောင်တွေကို လွှတ်ပေးပြီးတော့ ငြိမ်းချမ်းရေးစကားပြောမယ်ဆိုရင် ဒီကိစ္စက ဖြစ်လာမှာပေါ့။ အခုဟာက နိုင်ငံရေးပါတီတွေကနေ ပြည်သူတွေကို ပါလာအောင် ငြိမ်းချမ်းရေးထောက်ခံလာအောင်ဆိုတော့ တကယ်တမ်းကျတော့ ကျွန်တော်တို့က ပြည်သူပါလာအောင်ဆိုတာက အဲဒီပြည်သူက ဘယ်သူ့ကို ထောက်ခံနေတာလဲဆိုတဲ့ တကယ် ငြိမ်းချမ်းရေးလုပ်ချင်တဲ့ သူက အဓိက လူကို ရှာရမှာ”လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ နိုင်ငံ့အာဏာကို အပိုင်းလိုက်ရွေးကောက်ပွဲကနေ အသွင်ပြောင်းရယူပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရရှိဖို့ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လောဆယ်အထိ စစ်တပ်နဲ့ ပလဲနံသင့်တဲ့ အဖွဲ့တွေအပါအဝင် တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေကိုသာ ၂၀၀၈ ဖွဲ့စည်းပုံမူဘောင်အတွင်း တွေ့ဆုံဆွေးနွေးထားနိုင်ပြီး ကျန်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ကျောခိုင်းထားကြတာပါ။
ဒီအခင်းအကျင်းမှာ စစ်အစိုးရလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေထဲက ပါတီခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ကို စုဖွဲ့ပြီး ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်သွဦးဖို့ ဖြစ်ပါတယ်။
တစ်ဘက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို စစ်အစိုးရက ကြိုးပမ်းနေမှုအပေါ် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
NSPNC ဘက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဟာ နိုင်ငံရေးကျင့်စဉ်နဲ့ အာဏာခွဲဝေမှုတို့ဖြစ်ပြီး နှစ်ဖက်ဆွေးနွေးတဲ့အခါ သဘောတူညီချက်တွေ ရရှိနိုင်သလို ဆက်လက်ဆွေးနွေးရမယ့်ကိစ္စတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီများအစုအဖွဲ့ကလည်း တိုင်း၊ပြည်နယ်အစိုးရတွေဟာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိဖို့ လိုသလို ပြည်ထောင်စုနဲ့ တိုင်း၊ပြည်နယ်တွေအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို အာဏာခွဲဝေမှုမှာ ဆီလျော်ဖို့ လိုအပ်တယ်လို့ အသိပေးထားတာပါ။
ဖက်ဒရယ်ကို စဉ်းစားတဲ့အခါ အလွှာအားလုံးပါဝင်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံတဝန်းနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ အမျိုးသားအဆင့် စီမံကိန်းတွေ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ ညှိနှိုင်းသင့်တယ်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး သဘောတူညီထားတဲ့ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသွားဖို့ ပေးပို့ထားတာပါ။
ဒါဟာ အာဏာသိမ်းမှုအတွင်း NSPNC က ဦးဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ရရှိထားတဲ့ သဘောတူညီချက်တွေဖြစ်ပြီး လက်ရှိအချိန်အထိ လွှတ်တော်မှာ မဆွေးနွေးရသေးဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာ စစ်အစိုးရက အားစိုက်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

