မော်လမြိုင် ၊ အောက်တိုဘာ ၂၂
စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ဗိုလ်မှူးကြီး ရဲထွဋ်ကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ ပြည်နယ် စစ်အစိုးရရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တရားမဝင် ကုန်သွယ်မှုတွေနဲ့ နာမည်ကြီးနေတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ထက်မှာ မွန်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့မှာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီး သက်တမ်းအနေနဲ့ ၄ နှစ်ကျော် ရှိခဲ့တာပါ။
မွန်ပြည်နယ် နယ်လုံဝန်ကြီး အပြောင်းအလဲ ပြုလုပ်မှုကို စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က မကြာမီ သတင်းထုတ်ပြန်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ မွန်ပြည်နယ် နယ်လုံဝန်ကြီး အပြောင်းအလဲ ပြုလုပ်မှုဟာ နောင်တစ်ယောက်ကို ပြောင်းပြီး ပေးစားမှုဟာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း အရင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းနဲ့ ပူးပေါင်းပြီး တရားမဝင် လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုခဲ့တာပါ။
ဒါ့အပြင် ကုန်သည်တွေရဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် သူနဲ့ နီးစပ်သူတွေကိုတော့ ငွေကြေး အများအပြား ယူကာ တရားဝင်သဖွယ် ကုန်သွယ်ခွင့် ပြုခဲ့တာပါ။
စစ်အစိုးရနဲ့နီးစပ်သူတွေရဲ့ အဆိုအရ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ နယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ လေးနှစ်ကျော်အတွင်း ငွေကျပ်သိန်းပေါင်း သိန်းနဲ့ချီ ချမ်းသာသွားနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

