သထုံ ၊ အောက်တိုဘာ ၂၂

မွန်ပြည်နယ် သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု လေးတိုင်ကျေးရွာအနီး သထုံ-ဘားအံကားလမ်းမှာ တက္ကသိုလ်ကျောင်းသူ ၃ ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှု ကျူးလွန်သူကို ထောင်ဒဏ် ၅ နှစ်သာအမိန့်ချလိုက်တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ သထုံမြို့နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညနရုံး ဝန်ထမ်း နေလင်းစိုးကို သထုံမြို့နယ် တရားရုံးက အောက်တိုဘာ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်ခဲ့တာပါ။

တက္ကသိုလ်ကျောင်းသူ ၃ ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ ကညနရုံး ဝန်ထမ်းကို ထောင်ဒဏ် ၅ နှစ်သာ ချမှတ်မှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က သထုံ – ဘားအံကားလမ်းမှာ တက္ကသိုလ်ကျောင်းသူ သုံးဦး မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို အရက်သေစာ သောက်စားထားတဲ့ ကညနရုံး ဝန်ထမ်း နေလင်းစိုး မောင်းနှင်းလာတဲ့ ကားက အရှိန်နဲ့ဝင်တိုက်ခဲ့တာပါ။

အဲဒီယာဉ်တိုက်မှုမှာ နည်းပညာတက္ကသိုလ်(မော်လမြိုင်) Civil ပထမနှစ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ် မအေးအေးအောင်၊ မော်လမြိုင်တက္ကသိုလ်က Bio Chemistry ပထမနှစ်ကျောင်းသူ အသက် ၂၀ အရွယ် မနေခြည်ကျော်နဲ့ Chemistry ဒုတိယနှစ်ကျောင်းသူ အသက် ၂၀ အရွယ် မဂျူလိုင်မိုးတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၃ ဦးစလုံး သေဆုံးမှုအပေါ် ကညနရုံး ဝန်ထမ်း နေလင်းစိုးတို့ မိသားစုက တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ နဲ့ အမှုကို ကြေအေးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် မနေခြည်ကျော်ရဲ့ မိသားစုဝင်တွေက ငွေကိုလက်မခံဘဲ တရားရင်ဆိုင်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.