မော်လမြိုင် ၊ မေ ၁
အာဏာသိမ်း စစ်အစိုးရက နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် စနစ်အဖြစ် ပြောင်းလဲကျင့်သုံးဖို့ လိုအပ်တဲ့ UID နံပါတ်အတွက် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို စုဆောင်းထားတာကြောင့် စောင့်ကြည့်ခံရနိုင်တယ်လို့ လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ စစ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနဲ့ UID ထုတ်ပေးရေးလုပ်ငန်းကို ရက်ပေါင်း ၁၀၀ အတွင်း လမင်းစီမံချက်နဲ့ မြေပြင်ကွင်းဆင်းပြီး လုပ်ဆောင်ပေးနေတာပါ။
လဝကဝန်ကြီး ဦးမြင့်ကြိုင်ကလည်း လမင်းစီမံချက်နဲ့ ရက် ၁၀၀ အတွင်း လုပ်ငန်းမပြီးစီးရင် သတ်မှတ်ကာလတိုးမြှင့်ပြီး လျာထားချက် ပြည့်မီအောင် ဆက်လုပ်မယ်လို့ ဧပြီ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
တစ်ဘက်မှာ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့က ပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအရ နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် စနစ်အဖြစ် ကျင့်သုံးဖို့ ရှိနေသလို နိုင်ငံကူးလက်မှတ်လျှောက်ရာမှာလည်း UID နံပါတ် လိုအပ်မှာ ဖြစ်ပါတယ်။
ဒါကြောင့် စမတ်ကတ်လို့ ခေါ်တဲ့ UID နံပါတ်ရဖို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအချက်အလက်တွေကို အခြေခံထားတဲ့ မျက်လုံးစကန် ၊ လက်ဗွေရာ၊ မျက်နှာသွင်ပြင် စတာတွေကိုလည်း မှတ်သားထားမှာ ဖြစ်ပါတယ်။
အဲဒီကနေ ရရှိလာတဲ့ အချက်အလက်တွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်နံပါတ်နဲ့ ချိတ်ဆက်ပြီး e-ID စနစ်နဲ့ National Database မှာ သိမ်းဆည်းကာ နိုင်ငံသားတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါတဲ့ UID နံပါတ်ပါ ကတ်ပြားတွေကို ထုတ်ပေးတာပါ။
မြန်မာအင်တာနက်ပရောဂျက်က ဒီဂျစ်တယ်လွတ်လပ်ခွင့်လေ့လာသူ ကိုသစ်ဉာဏ်က ဒီလိုမျိုး လူပုဂ္ဂိုလ်တွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတာဟာ နောင်ယောင်ခံတာနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာတွေမှာ စောင့်ကြည့်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“UID အချက်အလက်တွေ အပါအဝင် စစ်အုပ်စုက လူပုဂ္ဂိုလ်တွေရဲ့ အချက်အလက်တွေကို စု ဆောင်းမှုတွေက တော်တော်လေး များလာတယ်။ ဘယ်လို အန္တရာယ်ရှိမလဲဆိုရင် နောက်ယောင်ခံစောင့်ကြည့်တဲ့ ကိစ္စမျိုးတွေ ကြုံရနိုင်စရာ အကြောင်းရှိတယ်။ တကယ်လို့ E-Passort စနစ်တွေ ရှိလာရင် နိုင်ငံရဲ့ ပြင်ပကို ရောက်နေသည့်တိုင်အောင် ဘယ်ကိုရောက်နေတယ် ဘယ်ကနေ ဘယ်ကို ထွက်သွားတယ်ဆိုတာမျိုးတွေ ဒေတာတွေကို မြင်နေရနိုင်တယ်။ အန္တရာယ်ရှိမှုအပိုင်းအနေနဲ့ ပြောရရင် ဒါက လူတစ်ဦးတစ်ယောက်ကို နောက်ယောင်ခံစောင့်ကြည့်နိုင်တယ်။ သူနဲ့ ဆက်စပ်နေတဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာတွေမှာ သုံးစွဲမှုတွေ အားလုံးကို သိနေနိုင်တယ်”လို့ ဆိုပါတယ်။
National Database စနစ်ဟာ e-ID စနစ်နဲ့ နိုင်ငံအတွင်း နေထိုင်သူတွေရဲ့ အချက်အလက်တွေကို ကောက်ယူထားပြီး စုစည်းထားတဲ့ နေရာတစ်ခုဖြစ်သလို လိုအပ်ပါက လူပုဂ္ဂိုလ်အချက်အလက်တွေကို ရှာဖွေနိုင်တဲ့စနစ်မျိုး ဖြစ်ပါတယ်။
အဲဒီစနစ်နဲ့ မှတ်ပုံတင်အချက်အလက်ကို ကွန်ပျူတာ ဒါမှမဟုတ် Tablet ထဲ ရိုက်ထည့်လိုက်ရင် လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက် PSMS (Person Scrutinization and Monitoring System) အားလုံး ကျရောက်လာပြီး ပြစ်မှုရှိ မရှိကအစ စစ်ဆေးနိုင်တာပါ။
ဒါကြောင့် စစ်ဆေးရေးဂိတ်တွေ မြို့ဝင်မြို့ထွက်တွေ လေဆိပ်တွေမှာ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်ပြေး၊ ရဲပြေးအပြင် စစ်မှုထမ်းတိမ်းရှောင်သူတွေကိုလည်း အဲဒီစနစ်ကို အသုံးပြုကာ ဖမ်းဆီးတာတွေ ရှိနေပြန်ပါတယ်။
ပြဋ္ဌာန်းထားတဲ့ နိုင်ငံကူးလက်မှတ်ဥပဒေအရလည်း နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်တာ ဒါမှမဟုတ် သက်တမ်းတိုးတာတွေအတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ UID နံပါတ်ကို တင်ပြရမှာ ဖြစ်ပါတယ်။
ဒီအပေါ် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတဲ့အခါ UID နံပါတ်အတွက် ပြည်တွင်းရှိ မူလနေထိုင်ရာ မြို့နယ်လဝကရုံးမှာ ကိုယ်တိုင် သွားရောက်ပြီး လုပ်ဆောင်ရမယ့် အခြေအနေဖြစ်ပါတယ်။
တစ်ဘက်မှာ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ် စနစ်အဖြစ် ကျင့်သုံးမှာမို့ သတ်မှတ်ချက်နဲ့အညီ နိုင်ငံကူးလက်မှတ်စာအုပ်မူရင်းနဲ့ မိတ္တူတို့ကိုပါ ပူးတွဲလျှောက်ထားရမှာဖြစ်ပြီး မူလနိုင်ငံကူးလက်မှတ်ကိုတော့ ပြန်လည်အပ်နှံရမယ်လို့ ဥပဒေမှာ ဖော်ပြထားတာပါ။
အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ဟာ လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချစ်ပ်ပြားမှာ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို လုံခြုံရေးအဆင့်မြှင့်ထားတဲ့အတွက် အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အကြောင်းပြထားတာ ဖြစ်ပါတယ်။
လောလောဆယ်မှာ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ကျင့်သုံးဖို့ မရှိသေးပေမယ့် ၂၀၂၇ ခုနှစ်မှာ စတင်ကျင့်သုံးဖို့ လျာထားတဲ့အတွက် ဒီလိုမျိုး ပြောင်းလဲလာတဲ့ လုပ်ငန်းစဉ်တွေဟာ နိုင်ငံသားတစ်ဦးချင်းစီ စောင့်ကြည့်ခံရနိုင်တာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

