မော်လမြိုင် ၊ မေ ၁
မွန်ပြည်နယ်မှာ စစ်အစိုးရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးတဲ့အထဲ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်ဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်အစိုးရဟာ ဧပြီ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။
အဲဒီထဲမှာတော့ မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်း ၁၀ ခုက အကျဉ်းသား၊အကျဉ်းသာ ၉၂ ဦးသာ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ လွတ်ရက်စေ့တော့မယ့် အကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ စီးပွားရေးသမားတွေသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် လက်ရှိ ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။
အာဏာသိမ်း စစ်အစိုးရဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

