ရေဖြူ၊ ဧပြီ ၃၀
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ ရော်ဘာခြံအလုပ်သမား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ရာဖူးကျေးရွာ ရော်ဘာခြံတစ်ခုမှာ ခြံရှင်းနေတဲ့ အလုပ်သမား လူငယ် တစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အသက် ၂၂ နှစ်အရွယ် ရော်ဘာခြံလုပ်သား မောင်ဇော်ပိုင်ဟာ ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပြီး ရေးဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့ ရာဖူးကျေးရွာဟာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသဖြစ်ပါတယ်။
ဒါပေမယ့် ဒီမြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပေမယ့် ဒေသခံတွေကတော့ မြေမြှုပ်မိုင်းတွေ ဖယ်ရှားရှင်းလင်းပေးဖို့ လိုလားနေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာ ရွာသစ်အနီး ရော်ဘာခြံမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် မိသားစုဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

