နေပြည်တော်၊ ဧပြီ ၃၀
နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၁၅၀၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အစိုးရအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဧပြီ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လွတ်ငြိမ်းပေးအပ်ခဲ့တာပါ။
လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် လက်ရှိ ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီ ၃၀ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကိုလည်း ပြစ်ဒဏ်ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အစိုးရဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်အပါအဝင် အကျဉ်းသား ၄၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

