ရေး၊ ဧပြီ ၃၀

မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တိုက်မိုင်းထိပြီး လေးဦး သေဆုံးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်လောက်မှာ အောင်သာယာကျေးရွာတောင်ဘက် တောစပ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးဟာ အခင်းဖြစ်ရာ နေရာမှာပဲ မျက်မြင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဟာ ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို နောက်တန်း ပြန်ပို့ပြီးနောက် ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းအထိ အောင်သာယာကျေးရွာပတ်ဝန်းကျင်မှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အခြေချတပ်စွဲထားတဲ့ အောင်သာယာကျေးရွာပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ ရေးမြို့နယ် လမိုင်းအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အများဆုံးပါဝင်တဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ကော်မရှင်တပ်ဟာ ရေးမြို့နယ် အောင်သပြေနဲ့ ဘုရားကုန်းကျေးရွာတဝိုက်ကို စစ်ကြောင်းထိုးခဲ့တဲ့အတွက် တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.