‌နေပြည်တော် ၊ မေ ၁

အာဏာသိမ်းစစ်အစိုးရရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းမယ့် သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်အလိုက် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တပ်ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မှုကို ပယ်ဖျက်လိုက်ပါတယ်။

စစ်ကောင်စီလက်ထက် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ခရိုင်နဲ့မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာညွန်ကြားချက်တွေကို ပြင်ဆင်တဲ့ ညွန်ကြားချက်အဖြစ် စစ်အစိုးရရဲ့ သမ္မတရုံးက ဧပြီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ပြင်ဆင်လိုက်တဲ့ ညွန်ကြားချက်အရ တိုင်း ဒါမှမဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီက ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ကော်မတီမှာ ခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးက ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမှာဖြစ်ပြီး စီမံကိန်းရေးဆွဲရေး ၊ ခရိုင်ဥပဒေရုံး နဲ့ လဝက ဌာနတွေရဲ့ ဦးစီးမှူးတွေကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာပါ။

ဒါ့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးကိုလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ရမယ်လို့ ဖော်ပြထားပြီး ဒီအတွက် စစ်ဘက် ဒါမှမဟုတ် အရပ်ဘက်မှာရှိတဲ့ နိုင်ငံဝန်ထမ်းထဲက လူပုဂ္ဂိုလ်ကို တာဝန်ပေးမလားဆိုတာ အသေးစိတ်မဖော်ပြထားပါဘူး။

အရင်ညွန်ကြားချက်မှာတော့ ကော်မတီမှာ စစ်တပ်ကိုယ်စားလှယ် တစ်ဦးကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားရာကနေ အခုပြင်ဆင်လိုက်တဲ့ ညွန်ကြားချက်မှာတော့ ပယ်ဖျက်ထားတာ တွေ့ရပါတယ်။

အလားတူ မြို့နယ်အဆင့်မှာလည်း အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းရမှာဖြစ်သလို ဥက္ကဌ ၊ အတွင်းအရေးမှူးနဲ့ အဖွဲ့ဝင်တွေကိုလည်း မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထည့်သွင်းရမှာပါ။

ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ခရိုင်နဲ့ မြို့နယ်အတွင်း တည်ငြိမ်‌ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပါအဝင် ဒေသန္တရဆိုင်ရာ ပညာရေး၊ ကျန်းမာ‌ရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ မြေယာစီမံခန့်ခွဲရေး စတဲ့ ကဏ္ဍအစုံ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်လုပ်ဆောင်ရမှာပါ။

ဒါ့အပြင် ခရိုင်နဲ့ မြို့နယ်အတွင်း လုံခြုံ‌ရေး တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရဌာနက အကူအညီတောင်းခံလာရင် ပံ့ပိုးကူညီကာ ရဲတပ်ဖွဲ့အပါအဝင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေးအဖွဲ့တွေကို ညှိနှိုင်းပေးရမယ်လို့ ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.