ဘန်ကောက်၊ ဧပြီ ၃၀
ဆိုက်ယာနိုက် အဆိပ်ကိုသုံးပြီး လူတွေ တောက်လျှောက်သတ်လာခဲ့တဲ့ အမျိုးသမီး လူသတ်သမား ဆာရာရတ် ရန်ဆီဝူသာပွန်အပေါ် ခွန်ကာအန်ပြည်နယ်က ရဲမေ တစ်ဦးကို အဆိပ်ခတ်သတ်မှုအတွက် ထိုင်းရာဇဝတ်မှုဆိုင်ရာ တရားရုံး တစ်ရုံးက ဧပြီ ၃၀ ရက်မှာနောက်ထပ် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်က အသက် ၃၉ နှစ်အရွယ် ဆာရာရတ်ဟာ ရဲမှူး ဆူကန်ဒါ ဝီမိုမန် စားမယ့် အစားအသောက်တွေထဲမှာ ပိုတက်စီယမ် ဆိုက်ယာနိုက် အဆိပ်တွေရောထည့်ထားခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တရားသူကြီးတွေက သူ့ကို သေဒဏ်ချမှတ်ခဲ့ပေမယ့် တရားခံက အမှုစစ်ဆေးချိန်အတွင်းတန်ဖိုးရှိတဲ့ သက်သေခံ ထွက်ဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် နောက်ပိုင်းမှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ် လျှော့ပေါ့ပေးခဲ့ပါတယ်။
တခြားလူတွေ သေဆုံးမှုအတွက် စောစောပိုင်းက ချမှတ်ခံထားရတဲ့ သေဒဏ်နဲ့ တစ်သက် တစ်ကျွန်း ထောင်ဒဏ်တွေအပြင် တရားရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ် ထပ်မံ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဆာရာရတ်က လူတွေကို တောက်လျှောက် သတ်ဖြတ်ခဲ့တဲ့ သတင်းကြောင့် ထိုင်းနိုင်ငံတဝှမ်း ထိတ်လန့်သွားခဲ့ကြပြီး အဆိပ်ရှိတဲ့ ဓာတ်တုပစ္စည်းများ ထိန်းချုပ်မှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့ရပါတယ်။
၂၀၁၅ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ပြည်နယ် ၇ ခုမှာ လူ ၁၅ ဦး အဆိပ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိခဲ့တာပါ။ အဲဒီ ၁၅ ဦးထဲက တစ်ဦးတည်းပဲ အသက်ရှင်ခဲ့ပါတယ်။
အခုအချိန်မှာ အမှု သုံးခု စီရင်ပြီး ဖြစ်ပေမယ့် တခြား အမှုတွေ အများကြီး ကျန်ရှိနေပါသေးတယ်။
သူ့ရဲ့ လူသတ်မှုတွေ အားလုံးဟာ အကြွေးတွေ ရှင်းသွားစေချင်တာကြောင့် ငွေကြေးရလိုမှုနဲ့ အဆိပ်ခတ် သတ်ဖြတ်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဆာရာရတ်နဲ့ နာရီပိုင်းလောက် တွေ့ပြီးနောက် အဆိပ်ခတ်ခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၃ ဧပြီ ၁၄ ရက်က ရတ်ချာနာ ဘူရီပြည်နယ်မှာ ဆီရီပွန် ခန်ဝမ်ဆိုသူ သေဆုံးပြီးနောက် ပထမဆုံး အမှု ထွက်ပေါ်လာပါတယ်။
ဆီရီပွန်နဲ့ ဆာရာရတ်တို့ဟာ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက် ငါးလွှတ်နေချိန် မယ်ကလောင် မြစ်ဘေးမှာ ဆီရီပွန် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုက်ယာနိုက် အဆိပ်တွေ့ရှိခဲ့ရပါတယ်။
ရာထူးမြင့် ရဲအရာရှိ တစ်ဦးရဲ့ ဇနီး ဖြစ်သူ ဆာရာရတ်ဟာ ၂၀၂၃ ဧပြီ ၂၅ ရက်က ဖမ်းဆီးခံရချိန်မှာ ကိုယ်ဝန် လေးလ ရှိနေတာ ဖြစ်ပါတယ်။
ဆီရီပွန်ကို သတ်ဖြတ်မှုအတွက် သူ့ကို သေဒဏ် ချမှတ်ခဲ့ပြီး နောက်ရဲအရာရှိ တစ်ဦးကို အဆိပ်ခတ်သတ်ဖြတ်မှုအတွက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။
Ref:Bangkokpost

