ဝါရှင်တန် ၊ဒူဘိုင်း၊ မေ ၁
အမေရိကန်က ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် ရေရှည် နာကျင်ရလောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အီရန်က ဧပြီ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဟောမု့ဇ် ရေလက်ကြားဟာ မိမိတို့ အပိုင်ဖြစ်ကြောင်းလည်း အီရန်က ထပ်မံပြောကြားလိုက်တာကြောင့် အဲဒီရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ အမေရိကန်ရဲ့ အစီအစဉ်ကို ကမောက်ကမ ဖြစ်သွားစေပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်နေတာ နှစ်လကြာလာချိန်မှာ အဲဒီ အရေးပါတဲ့ ပင်လယ် လမ်းကြောင်းကို ပိတ်ထားဆဲ ဖြစ်ပြီး ကမ္ဘာကြီး အတွက်လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ၂၀ ရာခိုင်နှုန်းကို ပိတ်ထားလိုက်သလို ဖြစ်နေပါတယ်။
အဲဒီလို အခြေအနေကြောင့် စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်နေပြီး စီးပွားရေး ပိတ်သိမ်းရနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
ပဋိပက္ခ ပြေလည်စေရေးကြိုးပမ်းမှုတွေရှေ့မတိုးနိုင်ဖြစ်နေပြီး ဧပြီ ၈ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တစ်ခု ရရှိခဲ့ပေမယ့် တီဟီရန် စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ အီရန် ရေနံ တင်ပို့မှုကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အီရန်က ရေလက်ကြားကို ပိတ်ထားဆဲ ဖြစ်ပါတယ်။
စစ်ပွဲ အဆုံးသတ်စေဖို့ အီရန် ညှိနှိုင်းလာအောင် တိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို အရာရှိတွေက ဧပြီ ၃၀ ရက်မှာ ရှင်းပြခဲ့ ပါတယ်။
အဲဒီလို နည်းလမ်းတွေဟာ အမေရီကန် စီစဉ်နေတဲ့ အစီအစဉ်မှာ ပါဝင်နေတာ ကြာပြီ ဖြစ်ပေမယ့် အခုမှ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှု နောက်ထပ် လနဲ့ချီ ကြာနိုင်တယ်လို့ ထရန့်က ပြောဆိုခဲ့ပြီးနောက် ရေနံဈေး ၁၂၆ ဒေါ်လာ အထိ မြင့်တက်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ရေနံစိမ်း တစ်စည်ကို ၁၁၄ ဒေါ်လာသို့ ပြန်လျော့ကျသွားခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါအီက အမေရိကန်နဲ့ ဆွေးနွေးမှုတွေဆီက ရလဒ် မြန်မြန် ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဘယ်သူကပဲ ကြားဝင် ညှိနှိုင်းညှိနှိုင်း အချိန်တို အတွင်း ရလဒ်ထွက်လာမယ်လို့ မျှော်လင့်တာက လက်တွေ့မဆန်ဘူးလို့ ထင်မြင်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
ဒီအတောအတွင်း ယူအေအီးက အီရန်၊ လက်ဘနွန်နဲ့ အီရတ်သို့ ခရီးမသွားကြဖို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
အဲဒီနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေ အနေနဲ့လည်း ချက်ချင်း ပြန်လာကြဖို့လည်း ယူအေအီး အစိုးရက တိုက်တွန်းပါတယ်။
အီရန် အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ကျူးလွန်နေတယ်လို့ ထရန့်က ပြောပေမယ့် လာမယ့် ကမ္ဘာ့ဖလားအတွက် အီရန် အားကစားသမားတွေ အမေရိကန်သို့ လာရောက်နိုင်တယ်လို့ ပြောပါတယ်။
အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အကြီးတန်း အရာရှိ တစ်ယောက်က အမေရိကန်က ထပ်ပြီး တိုက်ခိုက်လာမယ်ဆိုရင် ဒေသတွင်းရှိ အမေရိကန် တပ်စခန်းတွေကို ရေရှည် ထိခိုက်နာကျင်ရအောင် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထား ပါတယ်။
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာက ရေလက်ကြားကို တင်းတင်းကြပ်ကြပ် ဆက်လက် ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း ပြောထား ပါတယ်။
Ref:Reuters

