မနီလာ၊ ဇွန် ၃၀
လွှတ်တော်အမတ် ဘုရားကျောင်းအဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးဖို့ ပြင်ဆင်ထားချိန် ဖိလစ်ပိုင်ရဲ့ အင်အားကြီးတဲ့ ဘာသာရေး ဂိုဏ်း အဖွဲ့ဝင် ထောင်ပေါင်းများစွာ ဇွန် ၃၀ ရက်က စုဝေးဆန္ဒပြမှုကြောင့် ယာဉ်အသွားအလာများတဲ့အချိန် လမ်းတွေပေါ်မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
စွပ်စွဲပြစ်တင်ခံထားရတဲ့ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ မဟာမိတ် ဖြစ်ပြီး အင်ဂလီစီယာ နီခရစ်စတို (INC) ဘုရားကျောင်း အဖွဲ့ဝင် လွှတ်တော်အမတ် ရိုဒန်တီ မာကိုလီတာကို သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု ရန်ပုံငွေနဲ့ ဆက်စပ်တဲ့ အကျင့်ပျက် ခြစားမှုနဲ့ စွဲချက်တင်ဖို့ စီစဉ်ထားကြောင်း ကြေညာပြီးနောက် ဆန္ဒပြပွဲ ဖြစ်ပွားတာ ဖြစ်ပါတယ်။
INC ဘုရားကျောင်းဟာ ဒူတာတေးရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ဆက်နွယ်တဲ့ အင်အားကြီး မဲအင်အားစု ဖြစ်လာခဲ့တာ ရာဇဝင်နဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။
လာမယ့် သီတင်းပတ် စတင်မယ့် ဆာရာ ဒူတာတေးကို လွှတ်တော်ဆိုင်ရာ အမှု စစ်ဆေးမှု အတွင်း အဲဒီ လွှတ်တော် အမတ် ရိုဒန်တီ မာကိုလီတာက ကန့်ကွက်မဲ ပေးဖို့ သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေ ပိုများလာမယ်လို့ မျှော်လင့်ထားကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇွန် ၃၀ ရက် မနက်ပိုင်းအထိ ဆန္ဒပြသူ ၈၀၀၀ ကျော်ရှိပြီး နောက်ထပ်ပိုများလာမယ်လို့ မျှော်လင့်ရကြောင်း မနီလာဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီး ဟာဇဲလ် အက်စီလိုက ပြောပါတယ်။
ဆန္ဒပြပွဲကြောင့် မနက်ပိုင်းမှာ ယာဉ်အသွားအလာ ပိတ်ဆို့ခဲ့ပြီး အထူးသဖြင့် အလုပ်နဲ့ ကျောင်း သွားသူတွေ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။
INC ပြောရေးဆိုခွင့်ရှိသူ အက်ဝေးလ် ဇာဘာလာက ပွင့်လင်းမြင်သာ ရှိအောင် လုပ်ဆောင်ဖို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။
လွှတ်တော်အမတ် မာကိုလီတာကို အာဏာပိုင်များက ဖမ်းဆီးထောင်ချခဲ့မယ်ဆိုရင်တောင် မိမိတို့ အနေနဲ့ တရားမျှတမှု တောင်းဆိုတာကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကို သုံးစွဲခဲ့မှု မရှိတဲ့ အတွက် မာကိုလီတာကို စွဲချက်တင်သွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီးဆပ်စ် ရီမူလာက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း အစိုးရရှေ့နေတွေက ဒူတာတေးရဲ့ နောက်ထပ် သစ္စာခံ တစ်ယောက် ဖြစ်တဲ့ လွှတ်တော်အမတ် ဟိုဆေး ဂျင်ဂျွိုင်း အက်စထရာကို ရေဘေးထိန်းချုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ စွဲချက်တင်ခဲ့ပါတယ်။
ဒူတာတေးရဲ့ နောက်ထပ် မဟာမိတ် လွှတ်တော် အမတ် တစ်ဦးကတော့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ် ဆေးဝါးနှိမ်နှင်းမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားရုံးရဲ့ ဖမ်းဆီးမယ့် အရေးက သိသိလေး လွတ်မြောက်ခဲ့ပါတယ်။
အဲဒီ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ လွှတ်တော်အမတ် အတော်များများက လက်ရှိ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာအပေါ် အပြစ်တင်ထားကြပါတယ်။
Ref:AFP

