ဆိုးလ်၊ မေ ၄

အခုလအတွင်း တောင်ကိုရီးယားသို့ မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း တစ်သင်းသွားရောက်မှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း တောင်ကိုရီးယားမှာ ကစားမယ့် ပထမဆုံး မြောက်ကိုရီးယား ဘောလုံးအသင်း ဖြစ်လာမှာ ဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မေ ၄ ရက်မှာ ပြောပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြား ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ အဆုံးသတ်ခဲ့တာ မဟုတ်ဘဲ အပစ်ရပ်ရေး သဘောတူညီမှုနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်တာကြောင့် နှစ်နိုင်ငံ စစ်ဖြစ်နေသေးတဲ့ သဘော ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား အားကစားနဲ့ ယှဉ်ကျေးမှုဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုတွေလည်း အင်မတန်မှ ရှားပါးပါတယ်။

မြောက်ကိုရီးယားရှိ နေဂိုယန် အမျိုးသမီး ဘောလုံးအသင်းဟာ တောင်ကိုရီးယားရဲ့ ဆူဝမ် အမျိုးသမီး ဘောလုံးအသင်းနဲ့ မေ ၂၀ ရက်မှာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်တာကြောင့် အသင်းသား ၃၉ ဦးကို စေလွှတ်သွားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြိုတင်အသိပေးတယ်လို့ ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့မှာ အားကစားသမား ၂၇ ဦးနဲ့ အသင်းဝန်ထမ်း ၁၂ ဦး ပါဝင်မှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း ရောက်ရှိလာမယ့် အချိန် အတိအကျကိုတော့ တောင်ကိုရီးယား ဝန်ကြီဌာနက ဖော်ပြထားတာ မရှိပါဘူး။

အဲဒီပွဲမှာ အနိုင်ရတဲ့ အသင်းဟာ မေ ၂၃ ရက်မှာ အာရှ ထိပ်တန်း အမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲကို သြစတြေးလျက မဲလ်ဘုန်း စီးတီးအသင်း ဒါမှမဟုတ် ဂျပန်က တိုကျို ဘာဒီ ဘီလီဇာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရှုံးနိမ့်တဲ့ အသင်းအနေနဲ့ မေ ၂၁ ရက်မှာ အိမ်ပြန်ရမှာ ဖြစ်ပြီး တတိယနေရာလုပွဲ မရှိဘူးလို့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယား ဘောလုံးအသင်းဟာ အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ကြီးစိုးထားတဲ့ အသင်းဖြစ်ပြီး လတ်တလော နှစ်တွေက နိုင်ငံတကာ ဆုတံဆိပ်တွေ အများကြီး ရရှိခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.